ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၂၀ ပြည့်နှစ် ၊ မတ် လ ၁၆ ရက်
၁။ ၂၀၂၀ ပြည့်နှစ် ၊ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ : ၀၀ နာရီ အချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၅၀ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား ၁၁၆ ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှု ကောင်းမွန်စွာ လည်ပတ်နိုင်ရေးထိန်းကျောင်းရသည့် အမြင့်မားဆုံးစာရင်းစစ်အဖွဲ့အစည်း၏ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေတွင် တာဝန်နှင့်လုပ်ပိုင်ခွင့်များ သတ်မှတ်ထားပါကြောင်း၊
- ယခု သင်တန်းအပတ်စဉ်များတွင် နိုင်ငံတကာရှိ အမြင့်မားဆုံးစာရင်းစစ်အဖွဲ့အစည်းများက လိုက်နာရမည့်စံများ (International Standards of Supreme Audit Institution – ISSAI) အခြေပြု Financial Audit, Performance Audit, Compliance Audit ဘာသာရပ်များ၊ Ethics and Anti-Corruption ဘာသာရပ်၊ စာတိုချုံးနှင့် ရုံးစာရေးသားနည်းဘာသာရပ်များ ဖြည့်စွက်ပို့ချပေးခဲ့ပါကြောင်း၊
- စာရင်းစစ် - ၃ များသည် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေက အပ်နှင်းထားသော စစ်ဆေးရေးလုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိအရည်အသွေး တိုးတက်နေစေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊ စာရင်းနှင့်စစ်ဆေးရေးပညာရပ်များအပြင် လုပ်ငန်းနှင့်ဆက်နွယ်လျက်ရှိသော အင်္ဂလိပ်စာ၊ ကွန်ပျူတာပညာရပ်များကိုလည်း ဆည်းပူးကြရန်နှင့်
- လူငယ်လူရွယ်များအနေဖြင့် သင်ယူလိုစိတ်နှင့် မဆုတ်မနစ်ကြိုးစားကြရန် မှာကြားလိုကြောင်း၊
- လုပ်ငန်းခွင်တွင် မိမိအထက်တာဝန်ရှိသူများနှင့် လုပ်ဖော်ကိုင်ဖက်များက ယုံကြည် အားထားရသူများဖြစ်စေလိုကြောင်း၊ လွှတ်တော်လေ့လာရေးခရီးစဉ်တွင်လည်း နိုင်ငံ့ရေးရာဆောင်ရွက်ပုံ တစ်စိတ်တစ်ပိုင်းကို လေ့လာခွင့်ရခဲ့ကြ၍ ယင်းအတွေ့အကြုံကို အသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း၊
- စစ်ဆေးခြင်းလုပ်ငန်းသည် Team Work ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ တစ်ဦးတစ်ယောက်ချင်းစီ၏ အရည်အချင်းက အရေးကြီးသည့်အပြင် အစုအဖွဲ့နှင့် ဆောင်ရွက်တတ်ခြင်း၊ တာဝန်ယူတတ်ခြင်းနှင့် အပြန်အလှန်လေးစားတတ်ခြင်း အလေ့အထများလည်း ပျိုးထောင်ကြရန် မှာကြားလိုကြောင်း၊
- သင်တန်းသူ / သင်တန်းသားများတစ်ဦးချင်းအနေဖြင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဦးထိပ်ပန်ဆင်၍ မိမိတို့အဖွဲ့အစည်း၏ ဂုဏ်သတင်းကို ဆောင်ကြဉ်းနိုင်သူများ ဖြစ်ကြစေလိုကြောင်း။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀ : ၃၀ နာရီတွင် ရုပ်သိမ်း၍ အခမ်းအနား တက်ရောက်လာသူများကို ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။
1. Workshop on Report Writing for Performance Audit and Capacity Development of Performance Audit Unit, led by Ms. Oda Krogh Laeret, Ms. Hege Maaso, Mr. Haakon Haugevik Jernsletten, Mr.Felix Paul Rober and Mr. Ingvald Heldal, advisors from the Office of the Auditor General of Norway (OAGN), was held in the Meeting Room of the Office of the Auditor General of the Union, Nay Pyi Taw from 17th to 28th February, 2020.
2. In the workshop, the experts from OAGN introduced performance audit and discussed the processes of conducting performance audit from pre-study phase to reporting phase along with the practices of Norway and exercises, answered the questions raised by the participants, conducted group discussions, discussed the organization of the Performance Audit Unit, ways and matters regarding the capacity building of the staff.
3. By holding the Workshop, the participants gained knowledge about the processes, techniques and procedures in the Performance Audit, best practices regarding Human Resources.
4. Fourteen staff from Performance Audit Unit of the Office of the Auditor General of the Union and nine responsible officials from the other Audit Departments attended the workshop.
၁။ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် Ms. Oda Krogh Laeret ၊ Ms. Hege Maaso ၊ Mr. Haakon Haugevik Jernsletten ၊ Mr.Felix Paul Rober နှင့် Mr. Ingvald Heldal တို့ ဦးဆောင်၍ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးရာတွင် အစီရင်ခံစာ ရေးသားခြင်းနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ အကြံပေးပုဂ္ဂိုလ်များက လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ မိတ်ဆက်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း အစီအစဉ် ရေးဆွဲသည့် အဆင့်မှစ၍ အစီရင်ခံစာရေးသားသည့် အဆင့်အထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို နော်ဝေနိုင်ငံတွင် ဆောင်ရွက်နေမှုများနှင့် ယှဉ်၍လည်းကောင်း၊ လေ့ကျင့်ခန်းများဖြင့်လည်းကောင်း ရှင်းလင်းပို့ချခြင်း၊ တက်ရောက်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးစေခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း ဌာနစိတ်ဖွဲ့စည်းပုံ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ကိစ္စရပ်များ စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
၃။ ဤအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ နည်းစနစ်များနှင့် လုပ်ထုံးလုပ်နည်းများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကျင့်စဉ်ကောင်းများ စသည်တို့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေပါသည်။
၄။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းဌာနစိတ်မှ ဝန်ထမ်း(၁၄)ဦး၊ အခြားစစ်ဆေးရေးဌာနခွဲများမှ တာဝန်ရှိသူ(၉)ဦး၊ စုစုပေါင်း (၂၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
