ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (INTOSAI)

နောက်ခံသမိုင်း

နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (INTOSAI) သည် အမြဲတမ်းအဖွဲ့အစည်းတစ်ခုအဖြစ် ဖွဲ့စည်းထားသည့် ကိုယ်ပိုင်စီရင်ဆုံးဖြတ်ခွင့်ရှိသော၊ လွတ်လပ်သော၊ အတတ်ပညာနှင့်ဆိုင် သော၊ နိုင်ငံရေးနှင့်သက်ဆိုင်မှုမရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၁၉၅၃ ခုနှစ်တွင် INTOSAI ၌ အဖွဲ့ဝင်နိုင်ငံ (၃၄) နိုင်ငံရှိခဲ့ရာမှ ယခုအခါ INTOSAI တွင်-       

   - Full Members- ၁၉၅ နိုင်ငံ၊

   - Associate Members- ၅ နိုင်ငံနှင့်

   - Affiliate Member- ၁ နိုင်ငံအထိ ရှိလာပြီဖြစ်ပါသည်။

ဉီးတည်ချက်

INTOSAI ၏ အဓိကဉီးတည်ချက်မှာ အစိုးရကဏ္ဍစာရင်းစစ်ဆေးခြင်းနယ်ပယ်ရှိ အခြားသော နိုင်ငံတကာအဖွဲ့အစည်းများ၊ သက်ဆိုင်ပတ်သက်သူများ (stakeholders) နှင့်အတူ ၎င်း၏ အဖွဲ့ဝင်များဖြစ်ကြသော ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ၏ စာရင်းစစ်ချုပ်ရုံးများအကြား အကြံဉာဏ် များ၊ ဗဟုသုတများနှင့် အတွေ့အကြုံများ ဝေမျှဖလှယ်ခြင်းကို အဆင့်မြှင့်တင်ရန် ဖြစ်ပါသည်။

INTOSAI ၏ အခြေခံမူများသည် အဖွဲ့ဝင်များအားလုံး၏ တန်းတူညီမျှမှုနှင့် INTOSAI တွင် ၎င်းတို့၏ ဆန္ဒအလျှောက် ပါဝင်ဆောင်ရွက်မှုတို့အပေါ်တွင် အမြဲတမ်းမဏ္ဍိုင်ပြုလျက်ရှိပါသည်။

လုပ်ငန်းတာဝန်များ

INTOSAI ၏ လုပ်ငန်းတာဝန်များမှာ-

   - SAI များအား အပြန်အလှန် ထောက်ပံ့မှုပေးရန်၊

   - အကြံဉာဏ်များ၊ ဗဟုသုတများနှင့် အတွေ့အကြုံများ ဝေမျှဖလှယ်ခြင်းကို မြေတောင်မြှောက်ပေးရန်၊

   - နိုင်ငံတကာလူမှုအသိုက်အဝန်းအတွင်းတွင် SAI များ၏ ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုထားသော ပြည်သူ့အသံတစ်သံအဖြစ် ဆောင်ရွက်ရန်၊

   - နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်ဆေးခြင်းအတွက် စံများသတ်မှတ်ရန်၊

   - ကောင်းမွန်သော အမျိုးသားအုပ်ချုပ်မှုစနစ်ကို အဆင့်မြှင့်တင်ရန်၊

   - SAI ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် စဉ်ဆက်မပြတ်သော လုပ်ငန်းဆောင်ရွက်မှုတိုးတက်ရေးတို့ကို ထောက်ပံ့ပေးရန် စသည်တို့ဖြစ်ပါသည်။

ဒေသတွင်းအဖွဲ့အစည်းများ

INTOSAI သည် ဒေသအပေါ်အခြေပြုလျက် ၎င်း၏အဖွဲ့ဝင်များ၏ အတတ်ပညာဆိုင်ရာနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အဆင့်မြှင့်တင်ရေးရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသည့် သက်ဆိုင်ရာ ကိုယ်ပိုင်စီရင်ဆုံးဖြတ်ခွင့်ရှိသော အဖွဲ့အစည်းများအား ဒေသတွင်းအဖွဲ့အစည်းများအဖြစ် အသိအမှတ်ပြုလျက်ရှိပါသည်။

INTOSAI Governing Board သည် အောက်ပါဒေသတွင်းအဖွဲ့အစည်း (၇) ခု ကို အသိအမှတ်ပြုထားပါသည်-

စဉ် အကြောင်းအရာ အတိုကောက်
၁ Organization of Latin American and Caribbean Supreme Audit Institutions OLACEFS
၂ African Organization of Supreme Audit Institutions AFROSAI
၃ Arab Organization of Supreme Audit Institutions ARABOSAI
၄ Asian Organization of Supreme Audit Institutions ASOSAI
၅ Pacific Association of Supreme Audit Institutions PASAI
၆ Caribbean Organization of Supreme Audit Institutions CAROSAI
၇ European Organization of Supreme Audit Institutions EUROSAI

INTOSAI နှင့်ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ၁၉၉၅ ခုနှစ်တွင် INTOSAI သို့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

   - အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲတိုးတက်နေသည့် စာရင်းကိုင်၊ စာရင်းစစ်ဆိုင်ရာ အတတ် ပညာများ၊ နည်းပညာများနှင့် ဗဟုသုတများရရှိနိုင်ခြင်း၊

   - ခေတ်မီသည့် အစိုးရစာရင်းစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းများ၊ နည်းနိဿယျများဖြင့် စစ်ဆေးရေးလုပ်ငန်းများတွင် အကျိုးရှိစွာနှင့် ထိရောက်စွာ အသုံးချနိုင်ခြင်း၊

   - စာရင်းကိုင်၊ စာရင်းစစ်အတတ်ပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ  ပိုမိုကောင်းမွန်လာခြင်း၊

   - အဖွဲ့ဝင်နိုင်ငံများအကြား စာရင်းကိုင်၊ စာရင်းစစ်ပညာရပ်ဆိုင်ရာ အတွေ့အကြုံ၊ ဗဟုသုတများ အချင်းချင်းဖလှယ်၍ တွေ့ကြုံလာရသည့် အခက်အခဲ၊ အဟန့်အတား၊ စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းကျော်လွှားနိုင်ခြင်း၊

   - INTOSAI မှ ကမကထပြု၍ ကျင်းပသော သင်တန်းအစီအစဉ်များ၊ နှီးနှောဖလှယ်ပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်နိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိခြင်း၊

   - အထက်ပါ အခွင့်အလမ်းကောင်းများကို အသုံးချခြင်းဖြင့် စာရင်းစစ်ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို အဆင့်တိုးမြှင့်နိုင်ပြီး ကမ္ဘာနှင့်အမှီ ရင်ဘောင်တန်းအောင် ဆောင်ရွက်နိုင်ခြင်း၊

   - INTOSAI မှ ထုတ်ဝေသည့် သုံးလပတ်ဂျာနယ်များ၊ မဂ္ဂဇင်းစာစောင်များနှင့် အခါအားလျော်စွာဖြန့်ဝေသည့် ထုတ်ပြန်ချက်များမှတစ်ဆင့် နိုင်ငံတကာစာရင်းကိုင်စံများ၊ နိုင်ငံတကာစာရင်းစစ်စံများနှင့်စပ်လျဉ်း၍ အသစ်ပြဋ္ဌာန်းမှု၊ ပြောင်းလဲမှုများနှင့် လတ်တလောပြဿနာရပ်များနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို  ရယူသိရှိနိုင်ခြင်း။

http://www.intosai.org