ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI)

နောက်ခံသမိုင်း

အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့သည် အပြည်ပြည်ဆိုင်ရာစာရင်းစစ်ချုပ်ရုံးများ အဖွဲ့၏ ဒေသတွင်းအဖွဲ့အစည်း (၇) ခုထဲမှ တစ်ခုဖြစ်ပါသည်။ ၁၉၇၈ ခုနှစ်၊ စက်တင်ဘာလ တွင် ASOSAI Charter ကိုလည်းကောင်း၊ ၁၉၇၉ ခုနှစ်၊ မေလတွင် ASOSAI Rules and Regulations ကိုလည်းကောင်း၊ အသီးသီးရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ပြီး အဖွဲ့ဝင် (၁၁) နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ASOSAI သည် ပဓာနအဖွဲ့ဝင် (Charter Member) များ၊ အဖွဲ့ဝင်များ (Members) နှင့် အရံအဖွဲ့ဝင်များ (Associate Member) ဖြင့် ဖွဲ့စည်းထားရာ လက်ရှိတွင် အဖွဲ့ဝင် SAI စုစုပေါင်း (၄၆) ခု ရှိနေပြီ ဖြစ်ပါသည်။

ဦးတည်ချက်နှင့်လုပ်ငန်းတာဝန်များ

ASOSAI ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်ဆေးခြင်းနယ်ပယ်တွင် အကြံဉာဏ်များနှင့်အတွေ့အကြုံ၊ ဗဟုသုတများ ဖလှယ်ခြင်းဖြင့် အဖွဲ့ဝင်အဖွဲ့အစည်းများအကြား နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို  တိုးမြှင့်ရန်၊

(ခ)  အစိုးရစာရင်းစစ်များ၏ အရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်စေရန်အတွက် လေ့ကျင့်သင်ကြားပေးမှုနှင့် စဉ်ဆက်မပြတ် လေ့လာဆည်းပူးမှုများ ဆောင်ရွက်နိုင်ရေးအတွက် အထောက်အပံ့များပံ့ပိုးရန်၊

(ဂ)  နိုင်ငံပိုင်စစ်ဆေးရေးကဏ္ဍရှိ အခြားအဖွဲ့အစည်းများနှင့်လည်း ဆက်သွယ်နိုင်ရေးနှင့် သတင်းအချက်အလက်များရရှိနိုင်ရေး ဗဟိုဌာနအဖြစ် ဆောင်ရွက်ရန်၊

(ဃ)  ဒေသတွင်းအုပ်စုအဖွဲ့များအကြားနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အစိုးရစာရင်းစစ်များအကြား ညီအစ်ကိုသွေးသားရင်းချာသဖွယ် ပိုမိုနီးကပ်သော ညှိနှိုင်းဆောင်ရွက်မှုများ တိုးမြှင့်ရန်။

ASOSAI လုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)  သုတေသနပြုလုပ်ခြင်းကို တိုက်တွန်းပြီး အဆင့်မြှင့်တင်ခြင်းနှင့် စာရင်းစစ်ဆေးခြင်းနှင့် ၎င်းနှင့်ဆက်စပ်သည့် နယ်ပယ်ကဏ္ဍများတွင် သုတေသနစာတမ်းနှင့် အတတ်ပညာဆိုင်ရာဆောင်းပါးများ ထုတ်ပြန်မှုကို တာဝန်ယူဆောင်ရွက်ခြင်း၊

(ခ)  နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်ဆေးခြင်းနယ်ပယ်ရှိ  အကြံဉာဏ်များနှင့် အတွေ့အကြုံများကို ဝေမျှဖလှယ်နိုင်ရန်အတွက် ညီလာခံအစည်းအဝေးများနှင့် နှီးနှောဖလှယ်ပွဲများ စီစဉ်ကျင်းပပေးခြင်း၊

                    (ဂ)  ASOSAI ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ ပြီးမြောက်စေရန် လိုအပ်မှုရှိနိုင်သည့် အခြားလုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

ASOSAI နှင့်ဆက်သွယ်ဆောင်ရွက်ခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ၁၉၉၆ ခုနှစ်တွင် ASOSAI အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က)  အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲတိုးတက်နေသည့် စာရင်းကိုင်၊ စာရင်းစစ်ဆိုင်ရာ အတတ်ပညာများ၊ နည်းပညာများနှင့် ဗဟုသုတများရရှိနိုင်ခြင်း၊

(ခ)  ခေတ်မီသည့် အစိုးရစာရင်းစစ်ဆေးခြင်းဆိုင်ရာ နည်းလမ်းများ၊ နည်းနိဿယျများဖြင့် စစ်ဆေးရေးလုပ်ငန်းများတွင် အကျိုးရှိစွာနှင့်ထိရောက်စွာ အသုံးချနိုင်ခြင်း၊

(ဂ)  စာရင်းကိုင်၊ စာရင်းစစ်အတတ်ပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ  ပိုမိုကောင်းမွန်လာခြင်း၊

(ဃ)  အဖွဲ့ဝင်နိုင်ငံများထံမှ စာရင်းကိုင်၊ စာရင်းစစ်ပညာရပ်ဆိုင်ရာ အတွေ့အကြုံများနှင့်ဗဟုသုတများကို ရရှိနိုင်ခြင်း၊

(င)  ASOSAI အဖွဲ့မှ ကမကထပြု၍ကျင်းပသည့် အာရှတိုက်ဒေသတွင်းအုပ်စုအတွင်းရှိ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများ၊ သင်တန်းများနှင့် webinar များသို့ တက်ရောက်နိုင်သည့် အခွင့်အလမ်းကောင်းများရရှိခြင်း၊

(စ)  အထက်ပါ အခွင့်အလမ်းကောင်းများအသုံးချခြင်းဖြင့် စာရင်းစစ်ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို အဆင့်တိုးမြှင့်နိုင်ပြီး ကမ္ဘာနှင့်အမှီ ရင်ဘောင်တန်းအောင် ဆောင်ရွက်နိုင်ခြင်း၊

(ဆ)  ASOSAI WGEA Cooperative Audit နှင့် IDI-ASOSAI TAI Audit တို့တွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိခြင်း။

http://www.asosai.org