၁။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ( ၃ ) ရက်နေ့ နံနက်( ၁၀ း ၀၀ ) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ အခြေခံ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုု သင်တန်း အမှတ်စဉ် (၂၃၀) ဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန် အမှာစကားပြော ကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၂၂၁) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- ယခု ဖွင့်လှစ်သော သင်တန်းအား (၇-၅-၂၀၁၈) ရက်နေ့မှ (၃-၇-၂၀၁၈)ရက်နေ့ထိ သင်တန်း ကာလ(၂)လဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား(၂၂၁)ဦးနှင့် သီးခြားသင်တန်း ဖွင့်လှစ်ခွင့်ပြုထားသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်တွင် သင်တန်းသား (၅၁) ဦး၊ သာသနာရေး နှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန နေပြည်တော်၊ ရန်ကုန်တွင် သင်တန်းသား (၁၁၂) ဦး၊ စုစုပေါင်း (၃၈၄) ဦး တက်ရောက်ပြီး စာမေးပွဲကို (၆-၇-၂၀၁၈) ရက်နေ့မှ (၁၂-၇-၂၀၁၈) ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊
- အခမ်းအနားသို့ တက်ရောက်လာသော သင်တန်းသူ/သင်တန်းသားများအနေနှင့် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်သလို စာမေးပွဲကိုလည်း ကောင်းစွာဖြေဆိုနိုင်လိမ့်မည်ဟု မျှော်လင့် မိပါကြောင်း၊
- သင်တန်းမှ သင်ကြားပို့ချပေးလိုက်သော ပညာရပ်များသည် နိုင်ငံ့ဝန်ထမ်းများအတွက် လိုအပ်သည့် ပညာရပ်များဖြစ်ပြီး မိမိဌာနမှာ တာဝန်ထမ်းဆောင်သည့်အခါ သင်တန်းမှ ပို့ချပေးသော စာတွေ့ဗဟုသုတ ပညာများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် လက်တွေ့ အသုံးချနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊
- သင်တန်းကို အချိန်ကုန်ငွေကုန်ခံပြီး တက်ရောက်ကြရသည် ဖြစ်သောကြောင့် သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် မိမိအတွက်၊ ဌာနအတွက်၊ နိုင်ငံ့အတွက် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊
- သင်တန်းသူ/သားများသည် စာမေးပွဲကို ထူးချွန်စွာအောင်မြင်ပြီးနောက် အဆင့်မြင့်သင်တန်းများဖြစ်သည့် အလယ်အလတ်အဆင့်၊ အဆင့်မြင့် စာရင်းကိုင်သင်တန်းများကို တက်ရောက်နိုင်ကြပြီး နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ စောင့်ထိန်းရမည့် ဝန်ထမ်းကျင့်ဝတ် စည်းကမ်းများကို လိုက်နာစောင့်ထိန်းကြပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးတိုး၍ ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြစေလိုကြောင်း၊
၄။ အခမ်းအနားကို နံနက် ( ၁၀ း ၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
