INTOSAI Development Initiative-IDI နှင့် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI) တို့ ပူးပေါင်း၍ ၇-၁၂-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁၂:၃၀ တွင် IDI-ASOSAI SAI Leadership and Key Stakeholder Conversation Webinar ကို ကျင်းပခဲ့ပြီး ယင်း webinar သို့ ASOSAI ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်များနှင့် stakeholder များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် IDI က COVID-19 အတွက် အရေးပေါ်ရန်ပုံငွေအသုံးပြုရာတွင် ပွင့်လင်း မြင်သာမှု၊ တာဝန်ယူမှုနှင့် အားလုံးပါဝင်မှုတို့အပေါ် လိုက်နာဆောင်ရွက်မှုဆိုင်ရာ ပူးပေါင်းစာရင်းစစ် ဆေးခြင်း (TAI Audits- Global Cooperative Compliance Audits of Transparency, Accountability and Inclusiveness of the use of emergency funding for COVID-19) ၏ ဦးတည်ချက်များနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို မိတ်ဆက်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် တရုတ်နိုင်ငံစာရင်းစစ်ချုပ်ရုံး၊ အင်ဒိုနီးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ မော်လ်ဒိုက်နိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့် INTOSAI လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းဆိုင်ရာ ဆပ်ကော်မတီတို့က COVID-19 အတွက် အရေးပေါ်ရန်ပုံငွေ အသုံးပြုမှုအပေါ် စာရင်းစစ်ဆေးခြင်းများမှ ရရှိခဲ့သည့် အတွေ့အကြုံဗဟုသုတများ၊ သင်ခန်းစာများကို ဝေမျှဖလှယ်ခဲ့ကြပါသည်။ International Budget Partnership နှင့် ကမ္ဘာ့ဘဏ်တို့က TAI Audits အပေါ်ရှုထောင့်အမြင်များကို တင်ပြဆွေးနွေးခဲ့ကြပြီးနောက် IDI နှင့် ASOSAI တို့က TAI Audits နှင့်စပ်လျဉ်းသည့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ဆွေးနွေးခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယညွန်ကြားရေးမှူးချုပ် (နည်းပညာ/စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

