ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း ဌာနစိတ်ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရာတွင် အစီရင်ခံစာရေးသားခြင်းနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

၁။        နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် Ms. Oda Krogh Laeret ၊ Ms. Hege Maaso ၊ Mr. Haakon Haugevik Jernsletten ၊ Mr.Felix Paul Rober နှင့် Mr. Ingvald Heldal တို့ ဦးဆောင်၍ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးရာတွင် အစီရင်ခံစာ ရေးသားခြင်းနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။         အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ အကြံပေးပုဂ္ဂိုလ်များက လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ မိတ်ဆက်ခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်း    အစီအစဉ် ရေးဆွဲသည့် အဆင့်မှစ၍ အစီရင်ခံစာရေးသားသည့် အဆင့်အထိ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို နော်ဝေနိုင်ငံတွင် ဆောင်ရွက်နေမှုများနှင့် ယှဉ်၍လည်းကောင်း၊ လေ့ကျင့်ခန်းများဖြင့်လည်းကောင်း ရှင်းလင်းပို့ချခြင်း၊  တက်ရောက်သူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးစေခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း ဌာနစိတ်ဖွဲ့စည်းပုံ၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ကိစ္စရပ်များ စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

၃။        ဤအလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးရာတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ နည်းစနစ်များနှင့် လုပ်ထုံးလုပ်နည်းများ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ကျင့်စဉ်ကောင်းများ စသည်တို့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေပါသည်။

၄။        အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့  လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းဌာနစိတ်မှ ဝန်ထမ်း(၁၄)ဦး၊ အခြားစစ်ဆေးရေးဌာနခွဲများမှ တာဝန်ရှိသူ(၉)ဦး၊ စုစုပေါင်း (၂၃)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။