ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၄) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်ခဲ့

   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် လာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဗီယန်ကျင်းမြို့တွင် နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံ ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၄) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (4th ASEANSAI Summit) သို့ တက်ရောက်ခဲ့ပါသည်။

   အစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများမှ စာရင်းစစ်ချုပ်များနှင့် ကိုယ်စား လှယ်များ၊ အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး Strategic Planning Committee၊ Rules and Procedures Committee၊ Knowledge Sharing Committee၊ Training Committee၊ Head of Administration Function နှင့် Head of Secretariat Function တို့၏ ၂၀၁၅-၂၀၁၇ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာများကို ရှင်းလင်းတင်ပြ၍ အတည်ပြုချက်ရယူခြင်း၊ အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ် ရုံးများအဖွဲ့၏ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်းများ၊ Rules and Procedures ပထမအကြိမ်ပြင်ဆင်မှုနှင့် ၂၀၁၈-၂၀၂၁ ခုနှစ် မဟာဗျူဟာစီမံချက် စသည်တို့ကို အတည်ပြုခြင်း၊ ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် ကော်မတီအသီးသီး၏ လုပ်ငန်းစီမံချက်များနှင့် ဘတ်ဂျက်များ၊ အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံး များအဖွဲ့၏ ဘတ်ဂျက်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး အတည်ပြုချက်ရယူခဲ့ပါသည်။

   အဆိုပါထိပ်သီးအစည်းအဝေးတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွက် အရှေ့တောင်အာရှ နိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ ဥက္ကဌအဖြစ် လာအိုဒီမိုကရက်တစ်ပြည်သူ့သမ္မတ နိုင်ငံစာရင်းစစ်ချုပ်အားလည်းကောင်း၊ ဒုတိယဥက္ကဌအဖြစ် မလေးရှားနိုင်ငံစာရင်းစစ်ချုပ် အားလည်းကောင်း၊ ၂၀၁၈-၂၀၂၃ သက်တမ်းအတွက် အတွင်းရေးမှူးရုံးအဖြစ် အင်ဒိုနီးရှား နိုင်ငံစာရင်းစစ်ချုပ်ရုံးအားလည်းကောင်း၊ အရှေ့တောင်အာရှနိုင်ငံဆိုင်ရာ စာရင်းစစ်ချုပ်ရုံး များအဖွဲ့၏ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်အတွက် ဘဏ္ဍာရေးရှင်းတမ်း စစ်ဆေးရန် ထိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံးအား စာရင်းစစ်အဖြစ်လည်းကောင်း ခန့်အပ်မှုတို့ကို အတည်ပြု ခဲ့ပါသည်။