ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်အရာရှိ၊မြို့နယ်စာရင်းစစ်အရာရှိများ အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၃)ကျင်းပ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်အရာရှိ၊မြို့နယ်စာရင်းစစ်အရာရှိများ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃/၂၀၁၃) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၂)ရက်၊နံနက် ၁၀ :၀၀ နာရီတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများကျင်းပရခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အလိုက် စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် မြို့နယ်အလိုက် စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် မြို့နယ်စာရင်းစစ်အရာရှိများ၊ ဦးစီးဌာနများနှင့် လုပ်ငန်းဌာနများ၊ စာရင်းများကို စစ်ဆေးနေသည့် စာရင်းစစ်အရာရှိများမှ မြို့နယ်အလိုက်၊ ဌာနအလိုက် စာရင်း စစ်ဆေးတွေ့ရှိချက်များ၊ ထူးခြားသည့် စာရင်းစစ်ဆေးတွေ့ရှိချက်များကို ဆွေးနွေးရေး၊ အတွေ့အကြုံများမှ အားသာချက် အားနည်းချက်များကို ဖော်ထုတ်၍ မှတ်သားရယူနိုင်ရေး၊ ဥပဒေအရဆောင်ရွက်ရန် အချက်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ မှာကြားလိုသည့် အချက်များ မှာကြားနိုင်ရေးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းစစ်အရာရှိများ၊ မြို့နယ်စာရင်းစစ်အရာရှိများသည် မိမိတို့ စာရင်းစစ်ဆေးရမည့် ဌာနအလိုက် ထူးခြားသည့် စာရင်းစစ်ဆေးတွေ့ရှိချက်များကို အပြု သဘောဆောင်၍ အားသာချက် အားနည်းချက်များအား အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေး ကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှလည်း ၂၀၁၂-၂၀၁၃ ဒုတိယ (၆) လပတ် ဘဏ္ဍာငွေအရအသုံးစာရင်းများကို စစ်ဆေးလျက်ရှိကြရာတွင် အလေးထားဆောင်ရွက်သင့်သည့် အချက်များကို ပါဝင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ စာရင်းစစ်အဖွဲ့များ၏ စာရင်းစစ်ဆေးမှုများကို ပြုလုပ်ရာတွင် အပြည်ပြည်ဆိုင်ရာ စာရင်းစစ်စံနှုန်းများနှင့်အညီ ဆောင်ရွက်ခြင်း၊ စာရင်းစစ်ကျင့်ဝတ်များကို တိကျစွာ လိုက်နာခြင်း၊ အထောက်အထားပြည့်စုံစွာဖြင့် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဥပဒေအရ သတ်မှတ်ထားသော စာရင်းစစ် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စာရင်းကိုင်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းက ဖြစ်စေ စာရင်းကိုင်လုပ်ငန်းများ လုပ်ငန်းများ ဆောင်ရွက်ပေးရန် တာဝန် ပေးအပ်လာပါက မိမိတို့သည် စာရင်းစစ်များသာ ဖြစ်ကြောင်း၊စာရင်းကိုင်နှင့် စာရင်းစစ်သည် တစ်ဖွဲ့တည်းမဖြစ်ရပါဟု တိကျစွာ သတ်မှတ်ထားပါကြောင်း ဖော်ပြ၍ စာရင်းစစ်တာဝန်များကိုသာ ပေးအပ်ပါရန် ဖော်ပြရှင်းလင်းသွားရန် ဖြစ်ပါကြောင်း၊ စာရင်းစစ်အဖွဲ့များ၏ စာရင်းစစ်ဆေးပေးရမည့် အဖွဲ့အစည်းနှင့် လုပ်ငန်းပမာဏမှာ ပို၍ ပို၍များလာနေသဖြင့် သတ်မှတ်ပေးထားသည့် စာရင်းစစ်ဆေးရေး လုပ်ငန်းတာဝန်များကိုသာ ပီပြင်စွာ၊ကျေပွန်အောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အခြားသော မသက်ဆိုင်သည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော အထင်အမြင်လွဲမှားမှု ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်သည်ကို သတိပြုကြရန်ဖြစ်ကြောင်း ပြောကြားသည်။
အထက်ပါအခမ်းအနားသို့ ဒုတိယ စာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများ၊ စာရင်းစစ် အရာရှိ၊မြို့နယ်စာရင်းစစ်အရာရှိ ၁၄၅ ဦးတက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက်နေ့အထိ ကျင်းပခဲ့သည်။