ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

Myanmar Public Sector Accounting Conference ကျင်းပ

 

၁။      European Union Trust Fund နှင့် ကမ္ဘာ့ဘဏ်၏ နည်းပညာအကူအညီတို့ဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ “Myanmar Public Sector Accounting Conference” ကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၂ ရက် နေ့၊ နံနက် ၈:၃၀ နာရီမှ ညနေ ၅:၀၀ နာရီအထိ နေပြည်တော်၊ Hilton Hotel တွင် ကျင်းပခဲ့ပါသည်။ ယင်း Conference ကို အစိုးရဌာနအဖွဲ့အစည်းများက စာရင်းစံများ၏  အရေးပါမှုအား သတိပြုမိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။

၂။  အခမ်းအနားတွင် ပထမဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က အဖွင့်အမှာစကား ပြောကြားကြပါသည်။ထို့နောက် မြန်မာနိုင်ငံ၏ ပြည်သူ့ကဏ္ဍစာရင်းရေးသွင်းစနစ် ပြုပြင်ပြောင်းလဲရေးအခြေအနေများ၊ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံ (International Public Sector Accounting Standards – IPSAS) သို့ကူးပြောင်းရာတွင် အဓိကအကျိုးသက်ရောက်သည့်အချက်များ၊ IPSAS ကို လက်ခံကျင့်သုံးနေပြီဖြစ်သော နိုင်ငံ (၂) နိုင်ငံ၏ အတွေ့အကြုံများနှင့် ပုဂ္ဂလိကကဏ္ဍတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများသို့ ကူးပြောင်းဆောင်ရွက်မှု အခြေအနေများကို ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာစာရင်းပညာရှင်များ ၊ သက်ဆိုင်ရာအဖွဲ့အစည်း/လုပ်ငန်းနယ်ပယ်များမှ ပညာရှင် ၁၃ ဦးတို့က အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူ ဌာနဆိုင်ရာအဖွဲ့ အစည်းများမှ တာဝန်ရှိသူများက ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

၃။      နိဂုံးချုပ်မိန့်ခွန်းကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မှ ပြောကြားခဲ့ပါသည်။

၄။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုအဆင့်အစိုးရဌာနအဖွဲ့အစည်းများမှ အကြီးအကဲများ၊ ဝန်ကြီးများ၊ ဒုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိကဘဏ်များနှင့် မြန်မာ့အာမခံလုပ်ငန်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။