နိုင်ငံ့အကျိုးနှင့် ပြည်သူလူထု၏အကျိုးကို ရှေးရှုကာ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ရိုးသားဖြောင့်မှန်သည့် စိတ်စေတနာထား၍ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေများအရ အပ်နှင်းထားသည့် တာဝန်များကိုကျေပွန်အောင်ဆောင်ရွက်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က စက်တင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင်ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရန်ကုန်သင်တန်းကျောင်း၌ကျင်းပသောရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်နှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ စဉ်ပြောကြားခဲ့သည်။
ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အစိုးရအဖွဲ့အစည်း၊ နိုင်ငံ့ဝန်ထမ်းအားလုံးတို့သည် နိုင်ငံနှင့်ပြည်သူလူထု၏ အကျိုးစီးပွားကောင်းမွန်ဖြစ်ထွန်းတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် သက်ဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြသည်ဖြစ်ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏တာဝန်မှာယင်းသို့လုပ်ငန်းများဆောင်ရွက်ရာတွင်ချမှတ်ပေးထားသော မူဝါဒနှင့်ရည်မှန်းချက်များမှတိမ်းစောင်းမသွားစေရန်အပြုသဘောဖြင့် ဝိုင်းဝန်းကူညီစစ်ဆေးတည့်မတ်ပေးရေးနှင့် တွေ့ရှိချက်များအား တိကျမှန်ကန်စွာဖြင့် နိုင်ငံတော်နှင့်အစိုးရအဖွဲ့ထံ ခိုင်မာစွာတင်ပြရေးပင်ဖြစ်ကြောင်း။
နိုင်ငံတော်၏ ဘဏ္ဍာငွေများ၊ ပိုင်ဆိုင်မှုများကို အသုံးပြုလျက် ရ/သုံးငွေစာရင်းများဖြင့်ဆောင်ရွက်နေရသည့် ဌာနဆိုင်ရာလုပ်ငန်းများတွင်းရသင့်ရထိုက်သည်များမဖြစ်မနေရရှိစေရန်၊သုံးသင့်သုံးထိုက်သည်များစနစ်တကျအလေအလွင့်မရှိသုံးစေရန်၊မူလချမှတ်ပေးထားသည့်ရည်မှန်းချက်များပြည့်မီစေရန်၊သတ်မှတ်အရည်အသွေးများရရှိစေရန်တို့ကိုသတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီစစ်ဆေးဖော်ထုတ်၍ပံ့ပိုးဆောင်ရွက်ပေးသွားရန်ဖြစ်ကြောင်း။
ယနေ့အချိန်အခါမှာပွင့်လင်းမြင်သာမှုဖြင့်ပြည်သူလူထုကိုအခြေပြုသည့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒချမှတ်ဆောင်ရွက်နေသည်ဖြစ်ရာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စာရင်းစစ်များမှလည်း စစ်ဆေးရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် ပြုမူပြောဆိုဆက်ဆံမှုမှအစ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင်အများအထင်အမြင်လွဲမှားစေမည့်ကိစ္စရပ်မျိုးမဆောင်ရွက်မိကြရန်အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊အရှေ့ပိုင်းခရိုင်စာရင်းစစ်ရုံးနှင့်မြောက်ပိုင်းခရိုင်စာရင်းစစ်ရုံးများကိုကြည့်ရှုစစ်ဆေးခဲ့ပြီးစက်တင်ဘာ၂၃ ရက်တွင်တောင်ပိုင်းခရိုင်စာရင်းစစ်ရုံးနှင့် အနောက်ပိုင်းခရိုင်စာရင်းစစ်ရုံးတို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
