စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၅) ဖွင့်ပွဲကို မေ ၁၈ ရက် နံနက် ၁၀ နာရီ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင်က သင်တန်းသားများသည် အသွင်သဏ္ဌာန်ရော၊ အနှစ်သာရပါပြောင်းလဲလာသော စစ်ဆေးရေးလုပ်ငန်း အခြေအနေများနှင့် ရင်ပေါင်တန်းနိုင်သော အရည် အချင်းများကို ရယူပိုင်ဆိုင် ထားရန် အထူးလိုအပ်ကြောင်း။သို့မှသာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေအရ ပေးအပ်သော စစ်ဆေးရေး အလုပ်များကို ထိရောက် အကျိုးရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် လာနိုင်သည်နှင့်အမျှ အဖွဲ့အစည်းများ ၏ ဆောင်ရွက် ချက်များသည်လည်း ပြည်သူတို့အတွက် ပို၍ အကျိုးသက်ရောက်မှုရှိသည်ထက် ရှိလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးစီမံကိန်းများ အောင်မြင်မှု အရှိန်အဟုန်သည်လည်း ပို၍ မြင့်မားလာမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူများ၏ ယုံကြည်အားထားရမှု၊ စစ်ဆေးရမည့်အဖွဲ့အစည်းများ၏ အလေးဂရုထားမှုများ မလွဲမသွေရရှိ မည် ဖြစ်ကြောင်း။ စစ်ဆေးရေးလုပ်ငန်းများသည် နိုင်ငံံ့အကျိုးနှင့် ပြည်သူတစ်ရပ်လုံး၏အကျိုးကို ထမ်းဆောင်နေသည့် လုပ်ငန်းဖြစ်၍ မွန်မြတ်လှကြောင်း၊ သင်တန်းသားများသည် နိုင်ငံနှင့် ပြည်သူ့ အကျိုးကို ဦးထိပ်ပန်ဆင်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေက အပ်နှင်းလိုက်သည့် တာဝန်များ ကို သိက္ခာသမာဓိရှိစွာ အဂတိမလိုက်စားဘဲ ရိုးရိုးကျင့်မြင့်မြင့်ကြံကာ မွန်မြတ် လှသော လုပ်ငန်း ကြီးကို ဆောင်ရွက်ရင်း မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည် အရည်အချင်းများကို ထာဝစဉ် တိုးတက် ရှင်သန်နေအောင် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းမှာကြားခဲ့သည်။
