ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်မှူးများ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲအခမ်းအနား

၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့နံနက် ၁၀း၀၀ နာရီအချိန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမတွင် စာရင်းစစ်မှူးများ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၂၅) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ တာဝန်ရှိသူများ၊ ကထိကများနှင့်သင်တန်းစာရင်းစစ်မှူးများ တက်ရောက်ကြပါသည်။အခမ်းအနားတွင်အခမ်းအနားအစီအစဉ်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်က လမ်းညွှန်မှာကြားရာတွင် -- စစ်ဆေးရမည့်အဖွဲ့အစည်းများနှင့် ပြင်ပမှစွက်ဖက်လွှမ်းမိုးမှုများကင်းစင်ပြီး စစ်ဆေးရေးအလုပ်များကို  ဓမ္မဓိဌာန်ကျစွာ ထိရောက်အကျိုးရှိစွာ နှင့် စွမ်းဆောင်ရည် မြင့်မားစွာစစ်ဆေးဆောင်ရွက်၍ ပွင့်လင်းမြင်သာစွာ အစီရင်ခံရှင်းလင်းတင်ပြရန် ၂၀၁၁ ခုနှစ်ဒီဇင်ဘာလ ၂၂ ရက်နေ့က  ကျင်းပပြုလုပ်ခဲ့သော ၆၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံမှဆုံးဖြတ်ထားပါကြောင်း၊- စာရင်းစစ် ကျင့်ဝတ်သိက္ခာများဖြစ်သော ရိုးသားဖြောင့်မတ်မှု၊ ဘက်မလိုက်မှု၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှု၊ လုံလောက်သော သတိသမ္ပဇဉ် ထားရှိဆောင်ရွက်မှု၊ လျှို့ဝှက်စောင့်ထိန်းမှုနှင့် လွတ်လပ်မှု စသည်တို့ကိုလိုက်နာရန်လည်း အရေးအကြီးဆုံးဖြစ်ပါကြောင်း၊- သို့ဖြစ်ပါ၍ သင်တန်းသား စာရင်းစစ်မှူးများသည် မိမိတို့ စစ်ဆေးရေးအလုပ်များကိုစာရင်းစစ်ကျင့်ဝတ်သိက္ခာများဖြစ်သည့် ရိုးသားဖြောင့်မတ်စွာ၊ တရားမျှတစွာ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်စွာနှင့်လုံလောက်သော သတိသမ္ပဇဉ်ထားရှိစွာဖြင့်၆၆ ကြိမ်မြောက် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာကြိုးစားဆောင်ရွက်ခြင်းဖြင့် မိမိရုံး၊ မိမိအဖွဲ့အစည်း၏ ဂုဏ်သိက္ခာတန်ဖိုး တိုးတက်မြင့်မားလာခြင်း စသည့် ရလဒ်ကောင်းများ မလွဲမသွေ ရရှိလာမှာဖြစ်ပါကြောင်း၊ လမ်းညွှန်မှာကြားပါသည်။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်၁၀း၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။