၁။ ၂၀၁၈ ခုနှစ်၊ မေလ ( ၁၅ )ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂၃၀) ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ကိုယ်စား အမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသား/သင်တန်းသူ(၂၂၅)ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- ဝန်ကြီးဌာန အသီးသီးရှိ အထူးသဖြင့် စာရင်းဌာနစိတ်တွင် အလုပ်လုပ်ကိုင်ကြသော ဝန်ထမ်းများမှာ ကျောင်းမှသင်ကြားပေးလိုက်သည့် ပညာရပ်များနှင့် လက်ရှိအလုပ် လုပ်ကိုင်ကြသည့် အခါ တချို့အရာများတွင် ကွာဟမှုများရှိနိုင်ကြောင်း၊
- ကျောင်းမှ သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များသည် knowledge လောက်သာ ရရှိပြီး၊ လက်တွေ့လုပ်ငန်းခွင် ဝင်ရောက်သည့်အခါ Skill ကျွမ်းကျင်မှုအဆင့်အထိရှိရန် လိုအပ်ကြောင်း၊
- အစိုးရဌာန၊ အဖွဲ့အစည်းများတွင် စာရင်းဝန်ထမ်းများ လုပ်ကိုင်ရသည့် စာရင်းပညာရပ် များကို စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ရန်အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးရခြင်းဖြစ်ပါကြောင်း၊
- ယခင်က ရန်ကုန်သင်တန်းကျောင်းတွင် အခြေခံအဆင့်သင်တန်းကို တစ်နှစ်လျှင် (၄)ကြိမ်၊ အလယ်အဆင့်နှင့် အဆင့်မြင့်သင်တန်းကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နေပြည်တော်သင်တန်းကျောင်းတွင် သင်တန်းခန်းနှင့် ကထိကအကန့်အသတ် များကြောင့် တစ်နှစ်လျှင် (၂) ကြိမ်နှင့် (၁) ကြိမ်စီသာအသီးသီး ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊
- တချို့ဌာနများတွင် ဤသင်တန်းတက်ရောက်ပြီးမှသာ ရာထူးတိုးပေးရန်အတွက် သတ်မှတ်ချက် Criteria တစ်ချက်အနေဖြင့် သတ်မှတ်ထားကြောင်း၊ သင်တန်း တက်ရောက်ခွင့်မရသေး၍ မတက်ကြရသည့် ဝန်ထမ်းများကျန်ရှိနေကြောင်း၊
- လက်ရှိပြည်ထောင်စုစာရင်းစစ်ချုပ် လက်ထက်တွင် သင်တန်းသားဦးရေ အကန့်အသတ် ဖြင့် တက်ရောက်ခွင့်ပြုနေရခြင်းကို ဖြေရှင်းသည့် နည်းလမ်းတစ်ရပ်အဖြစ် ဝန်ကြီးဌာနများက မိမိအစီအစဉ်ဖြင့် သင်တန်းများ ဖွင့်ခွင့်ပြုခဲ့ကြောင်း၊ ထိုသင်တန်းများတွင် အငြိမ်းစားယူသွားကြသည့် ဤရုံးမှ အရာရှိကြီးများက ဤရုံး၏ သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးခဲ့ကြောင်း၊ စာမေးပွဲကို ဤရုံးမှ တာဝန်ယူစစ်ဆေးခြင်းဖြင့် သင်တန်းတက်ရောက်ခွင့် ပိုမိုရရှိစေခဲ့ကြောင်း၊
- မိခင်ဌာနများက သင်တန်းတက်ရောက်သူများ၏ လုပ်အား အဆုံးရှုံးခံ၍ စေလွှတ် ခြင်းဖြစ်ကြောင်း၊ သင်တန်းတက်ရောက်သူများ၏ လစ်ဟာသွားသည့် အလုပ်များကို အခြားသူများက ကူညီလုပ်ကိုင်ပေးနေရကြောင်း၊
- မိခင်ဌာနမှ သင်တန်းကာလအတွင်း လုပ်အားဆုံးရှုံးခံ၍ သင်တန်းစေလွှတ်ရခြင်းဖြစ် ၍ သင်တန်းပြီးဆုံးပြီးနောက် သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို လက်တွေ့ လုပ်ငန်းခွင်တွင် ကျွမ်းကျင်ပိုင်နိုင်စွာ လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊
- မိခင်ဌာနများ၏ သင်တန်းစေလွှတ်သည့် ရည်ရွယ်ချက်ပြည့်မြောက်စေရန် မိမိကိုယ်တိုင် လိုချင်စိတ်ပြင်းပြစွာ ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း၊ အလုပ် လုပ်ကိုင်ရာတွင် ရိုးသား၊ ကြိုးစား၊ ဖြောင့်မတ်၊ မှန်ကန်စွာ ကြိုးစားပြီး လုပ်ကိုင်ကြစေလိုကြောင်း၊
- သင်တန်းကာလတွင် အဓိကအားဖြင့် လိုချင်စိတ်ရှိရန်၊ ပို့ချချက်များကို ထိထိမိမိ လေ့လာဆည်းပူးရန် လိုအပ်ကြောင်း၊ မိမိဌာနတွင် လက်တွေ့ကြုံတွေ့နေရသည့် အခက်အခဲများကို သင်ကြားပို့ချပေးသည့် ကထိကများကို မေးမြန်းကြပြီး သင်တန်း တက်ရောက်ရသည့် ရည်ရွယ်ချက်ကို ပြည့်ဝစေရန် ကြိုးစားကြစေလိုကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
