အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ Training Committee ၏ အလုပ်ရုံဆွေးနွေးပွဲများကို အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ တာဝန်ယူကျင်းပလေ့ရှိရာ အစိုးရကဏ္ဍဝယ်ယူမှုများအတွက် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Audit of Public Procurement) ကို နေပြည်တော်၊ Park Royal Hotel ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ မှ နိုဝင်ဘာလ (၆) ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲ၌ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာတွင် အစိုးရကဏ္ဍဝယ်ယူမှုများသည် ပြည်သူ့ငွေကြေးများဖြင့် ဝယ်ယူခြင်းဖြစ်သဖြင့် ရိုးသားဖြောင့်မတ်စွာ၊ သင့်တင့်မျှတစွာဖြင့် အကောင်းဆုံး ဝယ်ယူဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးသဖြင့် ယင်းအစိုးရကဏ္ဍဝယ်ယူမှုများအား စာရင်းစစ်ဆေးခြင်းသည်လည်း အလွန်အရေးပါသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ သို့ပါ၍ တက်ရောက်လာကြသည့် Participants များအနေဖြင့် အစိုးရကဏ္ဍဝယ်ယူမှုများအား စာရင်းစစ်ဆေးခြင်းဆိုင်ရာ ဗဟုသုတ၊ အတွေ့အကြုံနှင့် အကောင်းဆုံး လက်တွေ့ကျင့်သုံးဆောင်ရွက်မှုများကို ပူးပေါင်းညှိနှိုင်းမျှဝေဆွေးနွေးသွားကြရန် နှင့် အလုပ်ရုံဆွေးနွေးပွဲအတွက် ပူးပေါင်းပါဝင်ခဲ့သည့် ASEANSAI အဖွဲ့အစည်းအတွင်းရှိ လုပ်ဖော်ကိုင်ဖက်များ၊ Knowledge Sharing Committee ၊ Training Committee ၊ ဆွေးနွေးပို့ချပေးမည့် Instructors/Resource Persons များနှင့် အကူအညီ အထောက်အပံ့ ပေးခဲ့သည့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ တို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ASEANSAI အဖွဲ့ဝင်နိုင်ငံများ နှင့် ASEAN Secretariat ၊ ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲကာလအတွင်း အစိုးရကဏ္ဍဝယ်ယူမှုများကို စစ်ဆေးရသည့် ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် အစိုးရကဏ္ဍဝယ်ယူမှုဆိုင်ရာ လုပ်ငန်းစဉ်များကို နားလည်စေခြင်း၊ ပေါ်ပေါက်လာနိုင်မည့် ဆုံးရှုံးမှုနှင့် ဌာနတွင်းကြီးကြပ်ကွပ်ကွဲမှု စနစ်အခြေအနေတို့ကို အကဲဖြတ်ခြင်း၊ မစစ်ဆေးမီ ကြိုတင်ပြင်ဆင်ခြင်း၊ စစ်ဆေးရေးလုပ်ငန်း အကောင်အထည်ဖော်ခြင်း၊ စာရင်းစစ်စံနှုန်းများ သတ်မှတ်ခြင်း၊ စာရင်းစစ် အထောက်အထားများရယူရာတွင် အသုံးပြုရမည့် နည်းလမ်းများကို ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း၊ ရရှိလာသည့် အထောက်အထားများကို အကဲဖြတ်စိစစ်သုံးသပ်ခြင်း၊ စာရင်းစစ်တွေ့ရှိချက်နှင့် အကြံပြုချက်များ ဖော်ထုတ်ခြင်းတို့နှင့်စပ်လျဉ်း၍ လက်တွေ့ လေ့ကျင့် ခန်းများ ပြုလုပ်ပြီး ဆွေးနွေးခဲ့ကြပါသည်။
၁-၁၁-၂၀၁၆ ရက်နေ့တွင် အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ကြသူ များအား ပြည်ထောင်စုစာရင်းစစ်ချုပ်က ကြိုဆိုညစာစားပွဲဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။ ၅-၁၁-၂၀၁၆ ရက်နေ့တွင် ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာလေးက သင်တန်းသားများသို့ သင်တန်း တက်ရောက် ပြီးမြောက်ကြောင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲ ပြီးမြောက်သည့် ညတွင် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက နှုတ်ဆက်ညစာ ကျွေးပွဲ ကျင်းပပြုလုပ်ပေးခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာကြသည့် ပြည်ပကိုယ်စားလှယ်များအား မြန်မာနိုင်ငံ၏ လူမှုယဉ်ကျေးမှုများကို ပိုမိုနားလည်သိရှိစေရန်အတွက် ၆-၁၁-၂၀၁၆ ရက်နေ့ တွင် နေပြည်တော်အတွင်းရှိ တပ်မတော်စစ်သမိုင်းပြတိုက်၊ အမျိုးသားပြတိုက် နှင့် ကျောက်မျက်ပြတိုက် စသည့်နေရာများသို့ Social Program အနေဖြင့် စီစဉ်ပို့ဆောင်ပေးခဲ့ပါသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် မလေးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံးများမှ Instructors/Resource persons များနှင့် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကိုယ်စားလှယ်များသည် ၆-၁၁-၂၀၁၆ ရက်နေ့ညတွင် အလုပ်ရုံဆွေးနွေးပွဲနှင့်စပ်လျဉ်းသည့် Participants များ၏ Feedback များအပေါ် Wrap Up and Evaluation Meeting ကျင်းပပြုလုပ်ခဲ့ပါသည်။
