ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

၂၅-၄-၂၀၂၄ ရက်နေ့တွင် အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ် (၄၀) အခမ်းအနားကျင်းပခြင်း

အသိပညာမျှဝေဆွေးနွေးပွဲ အမှတ်စဉ် (၄၀) အခမ်းအနားကျင်းပခြင်း သတင်းထုတ်ပြန်ချက်

      ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ်(Knowledge Sharing Program - KSP) အရ ကျင်းပသည့်ဆွေးနွေးပွဲအမှတ်စဉ် (၄၀) ကို ၂၅-၄-၂၀၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပခဲ့သည်။

         ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ဝန်ထမ်းများအတွက်လက်တွေ့ လုပ်ငန်းခွင်တွင်အသုံးဝင်ပြီး ပြန်လည်အသုံးချနိုင်မည့် နယ်ပယ်ကဏ္ဍအသီးသီးမှ အကြောင်းအရာများကိုရွေးချယ်၍ သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများကိုဖိတ်ခေါ်ပြီး အသိပညာမျှဝေဆွေးနွေးပွဲများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဆွေးနွေးပွဲတွင် International University of Japanတွင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းတက်ရောက်ခဲ့ခြင်းမှ လေ့လာသင်ယူခဲ့မှုများ၊ အတွေ့အကြုံများကိုမျှဝေဆွေးနွေးပေးသွားမည်ဟုသိရှိရပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏အရည်အချင်းနှင့်အရည်အသွေးများ စဥ်ဆက်မပြတ်မြှင့်တင်နိုင်ရေး ကြိုးစားနေရမည်ဖြစ်ရာ နိုင်ငံတကာအတွေ့အကြုံများကိုလည်းသိရှိနားလည်ထားရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့်လည်း အခါအားလျော်စွာ နိုင်ငံခြားပညာတော်သင်များကို စေလွှတ်ပေးလျက်ရှိရာ အဆင့်မြင့်ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးနိုင်ရေး၊ သင်ယူရရှိခဲ့သည့်အသိပညာများ၊ ဗဟုသုတများ၊ အတွေးအမြင်များကို ပြန်လည်အသုံးချ၍ မိမိနိုင်ငံ၊ မိမိရုံးကို အကျိုးပြုနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

      ယင်းနောက် ဆွေးနွေးပွဲတွင် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန၊ နည်းပညာဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်ဝေထွန်းက ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းတက်ရောက်ခဲ့သည့် အတွေ့အကြုံများ၊ ပြုစုခဲ့သည့်စာတမ်းနှင့်ရရှိခဲ့သည့်အကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းဆွေး‌နွေးခဲ့သည်။  

       ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို  ပြုလုပ်ခဲ့ကြသည်။

   ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်လက်ထောက်ညွှန်ကြားရေးမှူးများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်းခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများက Online မှလည်းကောင်း စုစုပေါင်း (၄၅၅) ဦး တက်ရောက်ခဲ့ကြသည်။