ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ကဏ္ဍများတွင် ခွင့်ပြုရန်ပုံငွေ မှန်ကန်စွာ သုံးစွဲ ရလဒ်ကောင်းများ ရရှိအောင် စစ်ဆေးဖော်ပြရန်လို

  ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များ၏ စာရင်းစစ်ဆေးရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ(၂/၂၀၁၄)ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာ ၁၅ ရက်က ကျင်းပသည်။
  စာရင်းစစ်ဆေးရေး လုပ်ငန်းညှိနှိုင်းဆွးနွေးပွဲ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁(က) နှင့် (ခ) တို့အရ မိမိတို့သည် နိုင်ငံတော်၏ အရအသုံးစာရင်းများကို စစ်ဆေးပြီး၊စစ်ဆေးတွေ့ရှိချက်များ၊ စာရင်းစစ်ကန့်ကွက်ချက်များ၊ အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တစ်နှစ်လျှင် နှစ်ကြိမ်၊ နိုင်ငံတော်၏ အရအသုံးနှစ်ချုပ်စာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက်များကို တစ်နှစ်လျှင်တစ်ကြိမ် ဥပဒေအရ တင်ပြလျက်ရှိကြောင်း၊
ပြည်ထောင်စုအစိုးရက ပြည်သူဗဟိုပြု ဆင်းရဲနွမ်းပါးမှု လျှော့ချရေး မူဝါဒချမှတ်ဆောင်ရွက်ပေးနေရာတွင် အလုပ်အကိုင်ပေါများအောင်ဆောင်ရွက်နိုင်မှုအခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသရေရရှိရေး အစရှိသည့် ကဏ္ဍများတွင် ခွင့်ပြုရန်ပုံငွေကို မှန်ကန်စွာ သုံးစွဲပြီး ရလဒ်ကောင်းများ ရရှိအောင် ဆောင်ရွက်နေမှု အခြေအနေများကို စစ်ဆေးဖော်ပြနိုင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
  ဆက်လက်၍ ဤဆွေးနွေးပွဲတွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ၊ တိုင်းဒေသကြီး/ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများ အပေါ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဒုတိယခြောက်လအတွက် စစ်ဆေးတွေ့ရှိချက်များနှင့် ယခင် ပထမခြောက်လအတွက် စစ်ဆေးတွေ့ရှိချက်များမှဆက်လက်တင်ပြရန်ရှိသည်များကို ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံ့ဘဏ္ဍာငွေများကို အပြည့်အဝရရှိအောင်၊ မလေလွင့်အောင်၊ မဆုံးရှုံးအောင်၊ ထိရောက်စွာအသုံးပြုနိုင်အောင် ရည်ရွယ်ချက်များဖြင့်ခြောက်လတာကာလအတွင်း မည်သို့  ဆောင်ရွက်နိုင်ခဲ့သည်ကို ဆွေးနွေးသွားကြရန် ဖြစ်ကြောင်းနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှလည်းစစ်ဆေးတွေ့ရှိထားသည် များကို ဆွေးနွေးပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ်ကာလအတွက် စာရင်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။