ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

၂၉-၁၂-၂၀၂၂ ရက်နေ့တွင် “နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိလိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေများ” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၂၅) ကို “နိုင်ငံ့ဝန်ထမ်းတိုင်း သိရှိလိုက်နာကျင့်သုံးရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်နည်းဥပဒေများ” ခေါင်းစဉ်ဖြင့် ၂၉-၁၂-၂၀၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆွေးနွေးပွဲတွင် ဒုတိယစာရင်းစစ်ချုပ်က အသိပညာ၊ ဗဟုသုတ (Knowledge) သည် လုပ်ငန်းတာဝန်များကို အောင်မြင်ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် လုပ်ဆောင်နိုင်စွမ်းအားတစ်ရပ် ဖြစ်ပါကြောင်း၊ အသိပညာ၊ ဗဟုသုတကြွယ်ဝပြည့်စုံသည့် ဝန်ထမ်းများရှိမှသာ ဌာန၊ အဖွဲ့အစည်း၏ ရည်မှန်းချက်ပန်းတိုင်များ ပြည့်မြောက်အောင်မြင်နိုင်ပြီး လူ့ဘောင်အကျိုးစီးပွားကို ပိုမိုသယ်ပိုးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ပါ၍ Knowledge Worker များ တိုးပွားစေရန် ရည်ရွယ်လျက် အသိပညာမျှဝေဆွေးနွေးပွဲများ ကျင်းပခဲ့သည်မှာ ယခုအကြိမ်သည် (၂၅) ကြိမ်မြောက် ဖြစ်ပါကြောင်း။
ယနေ့ဆွေးနွေးပွဲတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်း၊ တာဝန်နှင့်အခွင့်အရေးများ၊ အငြိမ်းစားယူခြင်းနှင့် ဝန်ထမ်းစည်းကမ်းထိန်းသိမ်းရေးဆိုင်ရာသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ လက်တွေ့ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ နှင့်ပေါင်းစပ်ပြီး ပြည့်ပြည့်စုံစုံဆွေးနွေးပေးသွားမည်ဟု သိရှိရပါကြောင်း၊ ဝန်ထမ်းများအတွက် ဝန်ထမ်းဆိုင်ရာ ခံစားခွင့်များနှင့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုရှင်းလင်းတိကျစွာ သိရှိနားလည်ပြီး ဉပဒေ၊စည်းမျဉ်းများနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်နိုင်မှု ပိုမိုအားကောင်းလာခြင်း၊ စစ်ဆေးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးချနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများအနေဖြင့် ယနေ့ဆွေးနွေးမည့် အကြောင်းအရာများကို ဂရုပြုလေ့လာမှတ်သားခြင်းနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းတို့ဖြင့် ဤရုံး၏ “ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး”၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဟူသောဆောင်ပုဒ်များနှင့်အညီ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှအောင်ကြည်က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများဖြစ်ပေါ်လာပုံ၊ ဝန်ထမ်းရွေးချယ်ခန့်ထားခြင်းဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဝန်ထမ်းများ၏တာဝန်နှင့်အခွင့်အရေးများ၊ ပြစ်မှုနှင့်စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာပြဋ္ဌာန်းချက်များ၊ အငြိမ်းစားယူခြင်းနှင့် ဝန်ထမ်းမှတ်တမ်းဆိုင်ရာပြဋ္ဌာန်းချက်များကို လက်တွေ့ဆောင်ရွက်ခဲ့သည့် ဖြစ်စဉ်သာဓကများနှင့်ပေါင်းစပ်၍ ရှင်းလင်းဆွေး‌နွေးခဲ့သည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ၊ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် လက်ထောက်ညွှန်ကြားရေးမှူးများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင်လည်းကောင်း၊ ဦးစီးအရာရှိများက နေပြည်တော်သင်တန်းကျောင်းခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး ညွှန်ကြားရေးမှုးများနှင့် ဝန်ထမ်းများက Online ဖြင့်လည်းကောင်း စုစုပေါင်း (၅၀၉) ဦး တက်ရောက်ခဲ့ကြသည်။