ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

၂၈-၁၁-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် ၂၈-၁၁-၂၀၂၂ ရက်နေ့ နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံစာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အစည်းအဝေး (၁/၂၀၂၂) သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီကို ၁၉၇၂ ခုနှစ်မှစတင်၍ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည့် အရည်အချင်းပြည့်မီသော စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများ တိုးပွားလာစေရန်၊ စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာစာရင်းကိုင်စံများနှင့်အညီ လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်ပြီး  ဖွဲ့စည်းခဲ့သည်မှာ ၂၀၂၂ ခုနှစ်တွင် နှစ်( ၅၀) ပြည့်ပြီဖြစ်ပြီး မကြာခင်မှာ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အခမ်းအနားကို ကျင်းပပြုလုပ်သွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်၏ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲမှုများအရ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ စာရင်းပညာရှင်များနှင့်စာရင်းကျွမ်းကျင်သူများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါလာပါကြောင်း၊ စာရင်းကိုင်စံများနှင့်အညီ စာရင်းများကို စနစ်တကျ ထိန်းသိမ်းရေး၊ နိုင်ငံခြားသားစာရင်းပညာရှင်များနှင့် ရင်ဘောင်တန်းဆောင်ရွက်နိုင်ရေး၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းရေး၊ လုပ်ငန်းဆောင်ရွက်မှုများကို အများပြည်သူသို့ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြသနိုင်ရေးတို့အတွက် စာရင်းပညာရှင်နှင့်စာရင်းပညာတတ်ကျွမ်းသူများ၏ အရည်အချင်းနှင့် အရေအတွက် တိုးတက်ရန် လိုအပ်ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍရှိ စာရင်းလုပ်ငန်းဆောင်ရွက်သူများနှင့် စာရင်းပညာရှင်များ လိုက်နာရမည့်ကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများချမှတ်ခြင်း၊ ထိန်းကျောင်းခြင်းနှင့်လမ်းညွှန်ခြင်းများအပြင် အများပြည်သူအကျိုးစီးပွားနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများအား နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ကို လိုက်နာကျင့်သုံးနိုင်စေရန်အတွက် လိုအပ်သည်များကို ပံ့ပိုးကူညီပေးခြင်းနှင့် ထိန်း ကျောင်းခြင်းကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

ထို့အပြင် ကောင်စီသည် စာရင်းကိုင်များအပေါ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များအရ ကြီးကြပ်ထိန်းကျောင်းခြင်းနှင့် လိုအပ်ပါက အရေးယူဆောင်ရွက်ခြင်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ပတ်သက်ဆက်နွယ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ပါ၍ ကောင်စီအမှုဆောင်များအနေဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေပါ လုပ်ငန်းတာဝန်များနှင့်အညီ နိုင်ငံ၏စီးပွားရေးနှင့် စီမံခန့်ခွဲရေးနယ်ပယ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ 

ယင်းနောက် ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဝင်များက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းတို့နှင့်စပ်လျဉ်း၍ အစီအစဉ်အတိုင်း ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဒုတိယစာရင်းစစ်ချုပ်က Online ဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ၊ လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန) နှင့် တာဝန်ရှိသူများ တက် ရောက်ခဲ့ကြသည်။