



ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာမျှဝေရေးအစီအစဉ်အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၂၀)ကို “လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း” ခေါင်းစဉ်ဖြင့် ၂၅-၈-၂၀၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းသည် စစ်ဆေးရမည့်ဌာနအဖွဲ့အစည်း၏ အရေးကြီးသော လုပ်ငန်းဆောင်ရွက်ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာများနှင့် သတင်းအချက်အလက်များသည် ဌာန၊အဖွဲ့အစည်းမှ လိုက်နာရမည့် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာမှု ရှိ၊ မရှိကို စစ်ဆေးခြင်းဖြစ် ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ သည့် စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးရေးလုပ်ငန်းစဉ်များ၊ စစ်ဆေးတွေ့ရှိချက်များနှင့် အတွေ့အကြုံ၊ ဗဟုသုတများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ များအနေဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိစွာ ပြန်လည်ကိုးကားအသုံးပြုနိုင်ရန် အလေးအနက်ထား ပါဝင်ဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးခိုင်က လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ သီအိုရီပိုင်းနှင့် စစ်ဆေးတွေ့ရှိချက်အပိုင်းတို့ကို ဆွေးနွေးခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးမေးမြန်း အကြံပြုခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး/စီမံ)၊ ညွှန်ကြားရေးမှူး များ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
