၁။ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) ၏ (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (6th ASEANSAI Summit) ကို ၂-၁၁-၂၀၂၁ ရက်နေ့၊ နံနက် ၈:၃၀ နာရီ မှ နေ့လည် ၁၁:၃၀ နာရီအထိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ်ဦးဆောင်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ အတွင်းရေးမှူးရုံးအကြီးအကဲ၊ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ဝင်(၁၀) နိုင်ငံမှ စာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်များ ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လက်ထောက်အတွင်းဝန်တို့က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ASEANSAI ဥက္ကဋ္ဌရုံးခန်းမှ တက်ရောက်ခဲ့ကြပါသည်။
၃။ အစည်းအဝေးအဖွင့်ပိုင်းကို နိုင်ငံတော်သီချင်း၊ ASEANSAI သီချင်းများဖြင့် စတင်ခဲ့ပြီး ပထမဦးစွာ ASEANSAI ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားပြီး လက်ရှိဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံစာရင်းစစ်ချုပ်ကိုယ်စား မလေးရှားနိုင်ငံဒုတိယစာရင်းစစ်ချုပ် Mr Rosalan Abu Bakar က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI) ဥက္ကဋ္ဌဖြစ်သူ ထိုင်းနိုင်ငံစာရင်းစစ်ကော်မရှင် ဥက္ကဋ္ဌ Gen.Chanathap Indamra နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Dato’ Paduka Lim Jock Hoi တို့က Video Message ဖြင့် အသီးသီးမိန့်ခွန်းပြောကြားခဲ့ပြီး အထူးဧည့်သည် တော်ဖြစ်သူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက Video Message ဖြင့် အဖွင့်မိန့်ခွန်းချီးမြှင့်ခဲ့ပါသည်။ ထို့နောက် စာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်များနှင့် ASEANSAI အတွင်းရေးမှူးရုံးအကြီးအကဲတို့သည် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး အစည်းအဝေးအဖွင့်ပိုင်းကို ရုပ်သိမ်းခဲ့ပါသည်။
၄။ အစည်းအဝေးပထမပိုင်းတွင် လက်ရှိ ASEANSAI ဥက္ကဋ္ဌကိုယ်စား ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်မိန့်ခွန်းပြောကြားပြီး အဖွဲ့၏ ကော်မတီများနှင့် အထွေထွေအတွင်းရေးမှူးရုံးတို့၏ ၂၀၂၀ ပြည်နှစ်နှင့် ၂၀၂၁ ခုနှစ်များအတွက် လုပ်ငန်းတိုးတက်မှုပေါင်းချုပ်အစီရင်ခံစာ ၊ မဟာဗျူဟာစီမံကိန်း ၂၀၂၂-၂၀၂၅ ၊ အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများ (ပြင်ဆင်ချက်) ၊ အသိပညာမျှဝေရေးကော်မတီ၏ ပြင်ဆင် ထားသောလုပ်ငန်းနှင့်တာဝန်များ (ToR) ၊ ASEANSAI ၏ ဥပဒေရေးရာ စွမ်းဆောင်ရည်နှင့်စပ်လျဉ်း၍ အဆိုပြုချက်တို့အပေါ် အတည်ပြုဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပါသည်။
၅။ ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ကော်မရှင် ဥက္ကဋ္ဌတို့ကို လာမည့် (၂) နှစ်တာကာလအတွက် အဖွဲ့၏ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း၊ မလေးရှားနိုင်ငံစာရင်းစစ်ချုပ်က နှုတ်ဆက်မိန့်ခွန်း ပြောကြား ခြင်း၊ မလေးရှားနိုင်ငံစာရင်းစစ်ချုပ်ရုံးက ဥက္ကဋ္ဌတာဝန်ယူခြင်း အထိမ်းအမှတ်စာအုပ် (၂၀၁၉-၂၀၂၁) ထုတ်ဝေ ခြင်း Video Clip၊ မလေးရှားနိုင်ငံစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ထံသို့ ASEANSAI အလံနှင့် ထိပ်သီးအစည်းအဝေး၌ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဥက္ကဋ္ဌအသုံးပြုသည့် “တူ” လွှဲပြောင်းအပ်နှင်းသည့် Video Clip များ ပြသခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က ဥက္ကဋ္ဌ တာဝန်လွှဲပြောင်းလက်ခံရရှိမှုအတွက် မိန့်ခွန်းပြောကြားခြင်း၊ စာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်များနှင့် ASEANSAI အတွင်းရေးမှူးရုံးအကြီးအကဲတို့ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်း၊ ဥက္ကဋ္ဌအဟောင်းနှင့်အသစ်၊ ဥက္ကဋ္ဌအသစ်နှင့် ဒုဥက္ကဋ္ဌအသစ်တို့ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ပြီး အစည်းအဝေး ပထမပိုင်းကို ရုပ်သိမ်းခဲ့ပါသည်။
၆။ အစည်းအဝေးဒုတိယပိုင်းတွင် အဖွဲ့၏ ဥက္ကဋ္ဌအသစ်ဖြစ်သူ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ ဒုဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံရသူ ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ကော်မရှင် ဥက္ကဋ္ဌ Mr. Micheal Aguinaldo က အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ အဖွဲ့၏ကော်မတီအသီးအသီးတို့တွင် ၂၀၂၂-၂၀၂၃ ကာလအတွက် ဥက္ကဋ္ဌများကိုခန့်အပ်ခြင်း၊ ကော်မတီများ၏ ပေါင်းချုပ်လုပ်ငန်းစီမံချက် ၂၀၂၂-၂၀၂၃ ကို အတည်ပြုခြင်း၊ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၁ ခုနှစ် တို့အတွက် ဘဏ္ဍာရေးရှင်းတမ်းများအား စစ်ဆေးမည့်စာရင်းစစ်ကို ခန့်အပ်ခြင်းနှင့်အတည်ပြုခြင်း၊ ASEANSAI လုပ်ငန်းများအတွက် ၂၀၂၂-၂၀၂၃ ကာလ ဘတ်ဂျက်လျာထားချက်များကို အတည်ပြုခြင်းနှင့် တက်ရောက်လာသည့် ကိုယ်စားလှယ်များ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စုစာရင်းစစ်ချုပ် က နိဂုံးချုပ်အမှာစကားပြောကြား၍ (၆) ကြိမ်မြောက်ထိပ်သီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
၇။ ထို့ပြင်(၆) ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအစည်းအဝေးနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကိုလည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ် ဦးဆောင်၍ ၁-၁၁-၂၀၂၁ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပခဲ့ရာ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြပါသည်။