


အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် ထိရောက်ကောင်းမွန်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေး အစီရင်ခံမှုတို့ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို(၃)နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ASEAN Regional Project နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်၁၀:၀၀နာရီ၌ WebEx Link ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ASEAN Regional Project ဆောင်ရွက်ရသည့်ရည်ရွယ်ချက်၊ ရရှိမည့်အကျိုးကျေးဇူး၊ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အကျိုးကျေးဇူး ရရှိမည့်နယ်ပယ်များ၊ Project အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်နှင့် ငွေကြေးထောက်ပံ့မည့် အစီအစဉ်များ၊ မြန်မာနိုင်ငံ၏ အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍ တို့တွင် စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကတာဝန်ရှိသည့် ဌာန/အဖွဲ့အစည်းများနှင့် လက်ရှိကြိုးပမ်း ဆောင်ရွက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်း၏ ရပ်တည်နေမှုအနေအထားနှင့် အခန်းကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဉက္ကဋ္ဌနှင့် ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
