နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးနှင့် ရေးထိုးခဲ့သည့် MOU အရ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ အကူအညီဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဆွေးနွေးရန်ရည်ရွယ်၍ နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၁ ရက်နေ့၊ နေ့လယ် ၁:၃၀ နာရီတွင် Microsoft Teams Platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းချုပ် ဦးမော်သန်းက နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးသောလုပ်ငန်းများ၊ ရရှိခဲ့သောအသိပညာဗဟုသုတများနှင့် အကျိုးကျေးဇူးများကို အကျဉ်းချုပ်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အစည်းအဝေးကို အစီအစဉ် ၅ ရပ်ဖြင့် ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို အတည်ပြုခြင်း၊ ၂၀၂၀-၂၀၂၁ ကာလတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ ပူးပေါင်းဆောင်ရွက်ရာတွင်တွေ့ကြုံရသည့် အခက်အခဲများ၊ အခွင့်အလမ်းများ၊ တိုးတက်ရန်လိုအပ်နေသေးသည့်ကိစ္စများ၊ COVID-19 ကာလအတွင်း ထိရောက်သောပူးပေါင်းဆောင်ရွက်မှုဖြစ်စေမည့် အစီအမံများ၊ လက်ရှိအကြံပေးပုဂ္ဂိုလ်မှ အကြံပေးပုဂ္ဂိုလ်အသစ်သို့ လုပ်ငန်းလွှဲပြောင်းခြင်းကိစ္စများကို ဆွေးနွေးခဲ့ကြပြီး နေ့လယ် ၃:၃၀ တွင် အစည်း အဝေးကို ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပြည်ထောင်စုစာရင်းချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှုးချုပ် (စစ်ဆေးရေး)၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ဌာနမှူး ၊ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာနနှင့် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
