နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေး ကော်မတီ (IIPC) ၁/၂၀၂၀အစည်းအဝေးကို ၂၃-၆-၂၀၂၀ရက်နေ့၊ နံနက်၁၀:၀၀နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အဆိုပါကော်မတီအစည်းအဝေးသို့ ကော်မတီဉက္ကဋ္ဌ ဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယဉက္ကဋ္ဌများဖြစ်သည့် ငွေတိုက်ဦးစီးဌာနနှင့် ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အဖွဲ့ဝင်ဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် နှင့် ပညာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန်တို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးတွင် အများလက်ခံကျင့်သုံးနေသည့် စာရင်းထားနည်းစနစ်မှ နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ (IPSAS) သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ IPSAS Transition Plan and Roadmap ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါလုပ်ငန်းစဉ်များအနက် ကနဦးဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ဖြစ်သော အစိုးရဌာနအဖွဲ့အစည်းများက နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများကို လက်ခံ ကျင့်သုံးနိုင်ရန် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဥပဒေ(မူကြမ်း)တွင် ထည့်သွင်းပြဋ္ဌာန်းနိုင်ရေးနှင့် လိုအပ်သည့် အမိန့်ကြော်ငြာစာထုတ်ပြန်နိုင်ရေး၊ နိုင်ငံတော်အဆင့် ဦးဆောင်ကော်မတီ (National level Steering Committee) ကို ဖွဲ့စည်းနိုင်ရေး၊ အစိုးရဌာနအဖွဲ့အစည်းများ အနေဖြင့် အသုံးပြုရမည့်ငွေစာရင်းခေါင်းစဉ်ကို သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး၊ နိုင်ငံတကာ ပြည်သူ့ကဏ္ဍ စာရင်းစံများနှင့် Government Finance Statistics Reporting Guidelines တို့၏ ကွာခြားမှုများကို နှိုင်းယှဉ်သုံးသပ်ရေး၊ IPSAS သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ ကော်မတီ ၏ လုပ်ငန်းတာဝန်များကို အထောက်အကူ ပြုနိုင်ရန်အတွက် Working Group ဖွဲ့စည်းနိုင်ရေးနှင့် လက်ရှိဆောင်ရွက်နေသည့် IPSAS နှင့် IFRS Training များ ကျင်းပနေမှုအခြေအနေများ နှင့်စပ်လျဉ်း၍ အဓိကထား ဆွေးနွေးခဲ့ကြပါသည်။
