ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

နိုင်ငံတကာစာရင်းကိုင်စံများဆိုင်ရာ Online Virtual Courses ကျင်းပပြုလုပ်ခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရာတွင်လည်းကောင်း၊ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများအပါအဝင် အစိုးရဌာန အဖွဲ့အစည်းများ၏ စာရင်းရေးသွင်းတင်ပြမှုများကို နိုင်ငံတကာစံများနှင့်အညီ ဖြစ်စေရေးဆောင်ရွက်ရာ တွင်လည်းကောင်း အထောက်အကူပြုရန်ရည်ရွယ်၍ ဉရောပသမဂ္ဂ၏အထောက်အပံ့ဖြင့် နိုင်ငံတကာ ပြည်သူ့ကဏ္ဍစာရင်းကိုင်စံများ(International Public Sector Accounting Standards-IPSAS)နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ(International Financial Reporting Standards-IFRS) ဆိုင်ရာ သင်တန်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ဖွင့်လှစ်နိုင်ရန် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း မှစ၍ စီစဉ်ဆောင်ရွက်ခဲ့ပြီး IPSAS Basic Level သင်တန်းကို ၂၉-၂-၂၀၂၀ ရက်နေ့တွင် စတင်ဖွင့်လှစ်နိုင်ခဲ့သော်လည်း COVID-19 ကမ္ဘာ့ကပ်ရောဂါပျံ့နှံမှုအခြေအနေကြောင့် ရပ်နားခဲ့ရပါသည်။ အဆိုပါသင်တန်းများကို Online Virtual Courses အဖြစ် ပြောင်းလဲဖွင့်လှစ်နိုင်ရန် ဉရောပသမဂ္ဂမှ ကိုယ်စားလှယ်များ၊ သင်တန်းဆရာများနှင့်ပြန်လည်ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

IFRS Online Virtual Courses ကို ၂၆-၅-၂၀၂၀ ရက်နေ့မှစ၍ အပတ်စဉ်အင်္ဂါနေ့၊ ကြာသပတေးနေ့ တို့တွင် နံနက် ၇:၀၀ နာရီ မှ ၈:၀၀ နာရီအထိ နှင့် စနေနေ့တွင် နံနက် ၇:၀၀ မှ ၁၁:၀၀ နာရီအထိ ဒေါက်တာတင်လတ်က Zoom application ကိုအသုံးပြု၍ Online Webinar ပုံစံဖြင့် သင်ကြားပို့ချလျက် ရှိပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ စစ်ဆေးရေးဝန်ထမ်း (၈၀) ဦး တက်ရောက်လျက်ရှိပါသည်။

IPSAS-Basic Level Online Virtual Courses နှင့်စပ်လျဉ်း၍ ၇-၆-၂၀၂၀ ရက်နေ့မှစ၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင် (၄) နာရီ နှင့် တနင်္ဂနွေနေ့တွင် (၆) နာရီအတွက် သင်ကြားပို့ချမှု ဗီဒီယိုဖိုင်များကို Google classroom မှတစ်ဆင့် ပေးပို့ပြီး မေးမြန်းဆွေးနွေးလိုမှုများအတွက် Zoom application ကို အသုံးပြု၍ Online Meeting ပုံစံဖြင့် ဗုဒ္ဓဟူးနေ့ ည ၇:၀၀ မှ ၈:၀၀ အထိနှင့် တနင်္ဂနွေနေ့ ညနေ ၄:၀၀ နာရီ မှ ၆:၀၀ နာရီအထိ ဆွေးနွေးခြင်းတို့ဖြင့် ဒေါက်တာဇော်ဝင်းသိန်းက သင်ကြားပေးလျက်ရှိပါသည်။ ထိုသင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ စစ်ဆေးရေးဝန်ထမ်း (၂၂၇)ဦးနှင့် စီမံကိန်း၊ဘဏ္ဍာရေး နှင့်စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်း (၁၅) ဦး၊ ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်း (၃) ဦး စုစုပေါင်း (၂၄၅) ဦးတက်ရောက်လျက်ရှိပါသည်။

အဆိုပါသင်တန်းများတွင် နိုင်ငံတကာစာရင်းကိုင်စံများသတ်မှတ်ပြဋ္ဌာန်းမှုများ၊ ထိုစံများကို ကမ္ဘာတစ်ဝန်းတွင် လက်ခံကျင့်သုံးမှုအခြေအနေများ၊ ထိုစံများနှင့်အညီဆောင်ရွက်ရန် လိုအပ်မှုများ၊ စံတစ်ခုချင်းအလိုက် စာရင်းရေးသွင်းတင်ပြရာတွင် လိုက်နာရမည့်ပြဋ္ဌာန်းချက်များကို သိရှိနားလည်ပြီး လက်တွေ့အသုံးချနိုင်ရန်အတွက် အခြေခံသဘောတရားသီအိုရီများ၊ တွက်ချက်မှုပုစ္ဆာများ၊ Multiple choice question များ၊ Assignment များဖြင့် သင်ကြားပေးလျက်ရှိပါသည်။