




ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့
၁။ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၅၀ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် ရုံးချုပ်မှ သင်တန်းသူ/သင် တန်းသား ၁၇ဦး၊ ဒေသရုံးအသီးသီးမှ သင်တန်းသူ/သင်တန်းသား ၁၀၀ဉီး စုစုပေါင်း သင်တန်းသူ / သင်တန်းသား ၁၁၇ ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- စာရင်းစစ် - ၃ များသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များဖြစ်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ အပ်နှင်းထားသော စာရင်းနှင့်လုပ်ငန်းစစ်ဆေးခြင်း လုပ်ငန်း တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊
- ယခုသင်တန်းတွင် စာရင်းနှင့်လုပ်ငန်းစစ်ဆေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ အခြေခံစာရင်းပညာ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဝန်ထမ်းစည်းမျဉ်း၊ စာတိုချုံးနှင့်ရုံးစာရေးသားနည်းဘာသာရပ်၊ ISSAI Based Financial Audit ၊ Performance Audit ၊ Compliance Audit ဘာသာရပ်များအပြင် ဝန်ထမ်းငယ်ဘဝကစ၍ ကျင့်ဝတ်ပိုင်းဆိုင်ရာ လိုက်နာတတ်မှုအလေ့အကျင့်များ စွဲမြဲစောင့်ထိန်းတတ်စေရန် Ethics & Anti-Corruption ဘာသာရပ်များကို ပို့ချပေးသွားမှာဖြစ်ကြောင်း၊
- သင်ခန်းစာများအပေါ် သင်တန်းသားများ၏နားလည်မှု၊ လိုက်ပါနိုင်မှုကိုသိရှိနိုင်ရန် စာသင်ကာလတစ်ဝက်ခန့်တွင် အခန်းဆုံးစစ်ဆေးခြင်း (Lesson–End–Test) ပြုလုပ်ခြင်း၊ သင်ခန်းစာများပို့ချမှုပြီးစီးပါက (Course-Review) ပြုလုပ်ပေးခြင်းနှင့် သင်တန်းသားများ မေးမြန်းလိုသည်များကို ပြန်လည်ဆွေးနွေးပေးခြင်းနှင့် Accounting ဘာသာရပ်တွင်လည်း အပတ်စဉ် (Lesson-End-Test) ပြုလုပ်ပေးမည်ဖြစ်ကြောင်း၊
- လုပ်ငန်းခွင်တွင်ကျင့်သုံးရမည့် လက်တွေ့အသုံးချပညာရပ်၊ ဗဟုသုတများကို ပို့ချပေး ခြင်းဖြစ်၍ ဇွဲလုံ့လရှိရှိ လေ့လာဆည်းပူးသွားကြဖို့လိုကြောင်း၊
- မိမိ၏ အထက်အကြီးအကဲက မိမိအပေါ်မျှော်လင့်သော အရည်အချင်းများဖြစ်သည့် အားကိုးအားထားပြုနိုင်မှု (Reliability) ၊ အပြုသဘောအမြင်ရှိမှု (Positive Vision) ၊ တိုးတက်အောင်မြင်လိုသောဆန္ဒရှိမှု (Ambition) ၊ ကြိုးစားအားထုတ်မှု (Applicataion) နှင့် အဖွဲ့အစည်းအပေါ်သစ္စာရှိမှု (Loyalty) စသည့် အချက်များကိုလည်း ဖြည့်ဆည်းနိုင်အောင် ကြိုးစားကြရန် မှာကြားလိုကြောင်း၊
- နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် မိမိလုပ်ငန်း23တာဝန်များကို ရိုးသား၊ ကြိုးစား၍ ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများ လိုက်နာသူများ၊ တာဝန်ကျေပွန်သူများဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
