စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၄၉ သင်တန်းဆင်းပွဲအခမ်းအနား

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ    ၄     ရက်

၁။        ၂၀၁၉ ခုနှစ် ၊ စက်တင်ဘာလ    ၃   ရက်နေ့ မွန်းလွဲ  ၃  : ၀၀  နာရီ အချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ၄၉ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။         အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား  ၁၀၀ ဦး တက်ရောက်ခဲ့ပါသည်။

၃။        အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

  • ယခုဖွင့်လှစ်သော လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းသည် စာရင်းစစ် - ၃ များအတွက် လုပ်ငန်းကို အခြေခံကျကျ ကျေကျေညက်ညက် နားလည်ဆောင်ရွက်တတ်စေရန် ပို့ချပေးခြင်းဖြစ်၍ အရေးကြီးကြောင်း၊
  • ယခင်အပတ်စဉ်များတွင် ပို့ချသည့် ဘာသာရပ်များအပြင် အင်္ဂလိပ်စာ၊ ကွန်ပျူတာနှင့် Case Study  ဘာသာရပ်အသစ် ၃ ခုကို ဖြည့်စွက်ပို့ချပေးခဲ့ပါကြောင်း၊
  • စာရင်းစစ် - ၃ များသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များ ( Public Sector Auditors ) ဖြစ်ကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေက အပ်နှင်းထားသော စာရင်းစစ်ဆေးခြင်းလုပ်ငန်းတာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ မိမိအရည်အသွေးတိုးတက်နေစေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း၊
  • ယခုသင်တန်းတွင် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ အခြေခံစာရင်းပညာများ၊ စာရင်းစစ်ဆေးရာတွင် ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် စာရင်းစစ်များလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ စသည်တို့ကို စာတွေ့အပြင် လက်တွေ့အတွေ့အကြုံများနှင့် ပေါင်းစပ်ပို့ချပေးခဲ့ပါကြောင်း၊
  • လုပ်ငန်းခွင်ပြန်လည်ရောက်ရှိသည့်အခါ လက်တွေ့အသုံးချရမည့် ဗဟုသုတ၊ ပညာရပ်များကို ပို့ချပေးခြင်းဖြစ်၍ သင်ခန်းစာများအားလုံး ကျေညက်ဖို့လိုကြောင်း၊ လွှတ်တော်လေ့လာရေးခရီးစဉ်တွင်လည်း နိုင်ငံ့ရေးရာဆောင်ရွက်ပုံ တစ်စိတ်တစ်ပိုင်းကိုလေ့လာခွင့်ရခဲ့ကြ၍ ယင်းအတွေ့အကြုံကို အသုံးချနိုင်မည်ဟု ယုံကြည်ကြောင်း၊
  • စာရင်းစစ်ဆေးခြင်းလုပ်ငန်းသည် Team Work ဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်၍ တစ်ဦးတစ်ယောက်ချင်းစီ၏ အရည်အချင်းက အရေးကြီးသည့်အပြင် အစုအဖွဲ့နှင့် ဆောင်ရွက်တတ်ရန်လည်း လိုအပ်ကြောင်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းလိုက်နာကြရန် မှာကြားလိုကြောင်း၊
  • သင်တန်းသူ / သင်တန်းသားများတစ်ဦးချင်းအနေဖြင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အဖြစ် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ပဓာနထား၍ မိမိတို့အဖွဲ့အစည်း၏ ဂုဏ်သတင်းကို ဆောင်ကြဉ်းနိုင်သူများ ဖြစ်ကြစေလိုကြောင်း။

၄။        သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ   ၃  :  ၃၀   နာရီတွင် ရုပ်သိမ်း၍ အခမ်းအနား တက်ရောက်လာသူများကို မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။