ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အဆင့်မြင့် / အလယ်အလတ်အဆင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ( ၉၈ ) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၁။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ( ၁၄ ) ရက်နေ့ နံနက်(၁၀း၀၀ )နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့် / အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် ( ၉၈ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/ သင်တန်းသူ ( ၂၄၄ )ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က အောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်-

- နိုင်ငံတော် အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့် စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းဆိုပြီး အဆင့် (၃)ဆင့် ခွဲခြားကာ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊

- နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ပြည်သူ့အကျိုးစီးပွားကို ဖော်ဆောင်ရာတွင် ထိရောက်မှုရှိ စေရန်နှင့် မိမိတို့၏ အလုပ်တာဝန်များကို လုပ်ရည်ကိုင်ရည် ပြည့်ဝစွာ ဆောင်ရွက်နိုင်ရန် အထောက်အကူပြုနိုင်သည့် ဘာသာရပ်များကို သင်ကြားပို့ချပေး ခြင်းဖြစ်ကြောင်း၊

- သင်တန်းမှာ သင်ကြားပေးလိုက်သော ဘာသာရပ် အားလုံးသည် သင်တန်းသူ/သားများ သိသင့်သိထိုက်၍ ထိုက်သင့်သော ကျွမ်းကျင်မှုရရှိနိုင်အောင် ခြုံငုံမိအောင် လေ့ကျင့် သင်ကြားပေးမည်ဖြစ်ကြောင်း၊

- မိမိအလုပ်ကို ကျွမ်းကျင်အောင်မြင်စွာ လုပ်ကိုင်နိုင်ခြင်းအားဖြင့် မိမိမှာ အကျိုးရှိသကဲ့သို့ မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏နိုင်ငံမှာလည်း အကျိုးရှိသည်သာမက သင်ကြားပို့ချပေးသည် ကထိကများ၏စေတနာကိုလည်း အလေးထားရာရောက်ပါကြောင်း၊

- လုပ်ငန်းဆောင်ရွက်ရာတွင် စာရင်းပညာ နားလည်တတ်ကျွမ်းပြီး စည်းမျဉ်းစည်းကမ်းနှင့် အညီ စာရင်းများ အမှားအယွင်းမရှိ ရေးဆွဲနိုင်ခြင်းဖြင့် မမှန်မကန်မှု၊ လေလွင့်ဆုံးရှုံးမှု များမဖြစ်အောင် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊

- နိဂုံးချုပ် အနေဖြင့် သင်တန်းသူ/သားများ အားလုံးသည် ပြည်သူ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ဝန်ထမ်းများ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်းစည်းကမ်းများကို အလေးထား လိုက်နာကြရန်၊ မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များကို အသုံးချ၍ နိုင်ငံတော်နှင့်ပြည်သူများ၏အကျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်သော ဝန်ထမ်းကောင်း များ ဖြစ်ကြစေလိုကြောင်း၊၊

၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ( ၁၀း၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။