၁။ ၂၀၁၈ ခုနှစ်၊ ဇွန်လ ( ၆ ) ရက်နေ့ နံနက် ၀၉ း ၀၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဒီပလိုမာ စာရင်းကိုင် (ဒုတိယပိုင်း) ၂၀၁၈-၂၀၁၉ ပညာသင်နှစ် သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ကိုယ်စား မြန်မာနိုင်ငံ စာရင်းကောင်စီ အတွင်းရေးမှူး၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦးက တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၈၀) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီ အတွင်းရေးမှူးက အောက်ပါတို့ကို လမ်းညွှန် မှာကြားခဲ့ပါသည်-
- နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်လာပြီဖြစ်သည့်အတွက် အရည်အချင်းပြည့်မီသည့် စာရင်းပညာရှင်၊ စာရင်း ကျွမ်းကျင်သူများ အမြောက်အများ လိုအပ်လာကြောင်း၊
- မြန်မာနိုင်ငံတွင် စာရင်းပညာရှင်၊ စာရင်းကျွမ်းကျင်သူ ဦးရေသည် အလွန်နည်းပါးကြောင်း၊
- စာရင်းပညာရှင်၊ စာရင်းကျွမ်းကျင်သူများအတွက် အဆင့်အတန်း သတ်မှတ်ချက် အမိန့်ကြော်ငြာစာတစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ပထမအဆင့် အနေဖြင့် CPA ဒုတိယပိုင်းအောင်မြင်ပြီးနောက် နည်းခံ လုပ်သက်ပြီးမြောက်သူ၊ ဒုတိအဆင့်ကို CPA ဒုတိယပိုင်း စာမေးပွဲအောင်မြင်ပြီး နည်းခံလုပ်သက် မပြီးမြောက်သေးသူ၊ တတိယ အဆင့်ကို စီးပွားရေးတက္ကသိုလ်များမှ ( B.Com, B.Act, BBA ) ဘွဲ့ရသူများ၊ မြန်မာ နိုင်ငံစာရင်းကောင်စီမှ DA ဘွဲ့ရသူများကို ထည့်သွင်းထားကြောင်း၊
- ယခင်က RA သင်တန်းသို့ ဆယ်တန်း၊ ဥပစာတန်းအောင်မြင်သူများ၊ ဘွဲ့ရများ တက်ခွင့်ရခဲ့ကြောင်း၊ CPA ကို ယခင်က B.Com များသာ တက်ခွင့်ရပြီး CPA အပတ်စဉ်(၂၆ ) မှစ၍ B.Act ဘွဲ့ရသူများကို ဝင်ပေါက်အနေဖြင့် လမ်းဖွင့်ပေးခဲ့ကြောင်း၊ စာသင်ကြားမှု အဆက်မပြတ်စေရေးအတွက် B.Com, B.Act ဘွဲ့ရသူများကို နှစ်ခြင်းတက်ရောက် စေခဲ့ကြောင်း၊ နှစ်ဟောင်းဘွဲ့ရများကိုလက်ခံခြင်းမပြုခဲ့ကြောင်း၊
- ယခင်က CPA ဝင်ပေါက်မှာ အလွန်ကျဉ်းမြောင်းမှုကြောင့် နှစ်စဉ် CPA မွေးထုတ်ပေးမှုမှာ ဆယ်ဂဏန်းမျှသာ ရှိကြောင်း၊ ယခုအခါ B.Com, B.Act နှင့် DA ဘွဲ့ရများကို မည်သည့်နှစ်က ဘွဲ့ရများကိုမဆို တက်ရောက်ခွင့်ပြုခဲ့ပြီး အခြားဘွဲ့ရများကိုမူ ဝင်ခွင့် စာမေးပွဲဖြေဆိုစေပြီး တက်ခွင့်ပြုခဲ့ကြောင်း၊
- ထို့သို့ CPA ဝင်ပေါက် တိုးချဲ့လိုက်ခြင်းကြောင့် DA တက်လိုသူများ လျော့နည်းလာ ကြောင်း၊ သို့သော် DA အောင်မြင်ပြီးမှ CPA တက်သူများသည် အခြေခံခိုင်ပြီးဖြစ်၍ CPA စာမေးပွဲအား နှစ်ချင်းပေါက်အောင်မြင်ရန် အထောက်အကူဖြစ်စေသဖြင့် လွယ်ကူစွာ အောင်မြင်နိုင်ကြောင်း၊
- ၁၉၅၈ ခုနှစ်မှစ၍ Grade သင်တန်းများအား ရန်ကုန် ငွေစာရင်းမင်းကြီးရုံးတွင် စတင် ဖွင့်လှစ်ခဲ့ပြီး ၁၉၇၂ ခုနှစ်တွင် CPA သင်တန်း စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၇၄ ခုနှစ် တွင် DA သင်တန်းအား စတင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား မဆံ့သဖြင့် မနက်/ညနေ သင်တန်းနှစ်ခု ခွဲ၍ ဖွင့်လှစ်ခဲ့ရကြောင်း၊
- စာမေးပွဲအောင်မြင်ကျရှုှံး သတ်မှတ်မှုနှင့် စပ်လျဉ်း၍ အသိပေးလိုကြောင်း၊ စာမေးပွဲတွင် Module ၂ ခုခွဲထားကြောင်း၊ Module တစ်ခုထဲမှ ဘာသာရပ် အားလုံးအောင်မြင်ပြီး အခြား Module တစ်ခုထဲမှ ဘာသာရပ် တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ် အားလုံးအား တစ်ဆက်တည်း ၃ ကြိမ် ပြန်လည် ဖြေဆိုခွင့်ပြုထားပြီး ၃ ကြိမ် အတွင်း အောင်မြင်မှု မရှိခဲ့လျှင်ဖြစ်စေ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်း မရှိလျှင်ဖြစ်စေ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ် အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း၊
- Module အောင်မြင်သည်ဟု သတ်မှတ်ရန် ကန့်သတ်ချက်ရှိပါကြောင်း၊ ကျရှုံးသည့် Module တွင် ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ်စီ အနည်းဆုံး ရရှိပြီး တစ်ဘာသာခြင်း ပျမ်းမျှရမှတ် ၂၅ မှတ်ရရှိရမည် ဖြစ်ကြောင်း၊ သို့မှသာ ကျန် Module ကို အောင်မြင် သည်ဟု သတ်မှတ်ကြောင်း၊
- DA I တွင် အောင်မြင်ရန် လွယ်ကူသော်လည်း DA II တွင် အောင်မြင်ရန် ခက်ခဲ ကြောင်း၊ ယခုနောက်ဆုံး DA II အောင်ချက်ရာခိုင်နှုန်းသည် ၁၇ % သာရှိပါကြောင်း၊ နေပြည်တော်တွင် ၂၀၁၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ နှစ်စဉ် အောင်ချက်ရာခိုင်နှုန်း ကောင်းခဲ့ပါကြောင်း၊
- DA I စာမေးပွဲဖြေဆိုရန် ၂ လအလို စာမေးပွဲကြေးပေးသွင်းချိန် မတိုင်မီ ကျရှုံးသူ များသည် Registration ပြုလုပ်ရန် လိုအပ်ကြောင်း၊ Registration ပြုလုပ်ရန် နောက်ဆုံးရက်အား ၂၀၁၈ ခုနှစ်၊ မေလနောက်ဆုံး သတ်မှတ်ခဲ့ကြောင်း၊ www.oagmac.gov.mm website တွင် ရုံးအမိန့် ထုတ်ပြန်ထားသော်လည်း မှတ်ပုံတင်မှုမရှိသည်ကို တွေ့ရကြောင်း၊ အမိန့်ကို မသိကြဟု ယူဆကြောင်း၊ စာမေးပွဲ ဖြေဆိုခွင့် မဆုံးရှုံးစေရေးအတွက် ယခုအခါ သက်ဆိုင်ရာ သင်တန်းကျောင်းများတွင် Registration ပြုလုပ်ရန် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်ထားပါကြောင်း၊ ဤအချက်ကို ယနေ့တက်ရောက်လာသူများက သတင်းစကားဖြန့်ဝေပေးစေလိုပါ ကြောင်း၊
- ယခု DA II သင်တန်း တက်ရောက်သူများသည် စာရင်းကျွမ်းကျင်သူဆိုသည့် DA ဘွဲ့ ရရှိရန် အတွက် ၅၀ % အောင်မြင်ပြီးဖြစ်ကြောင်း၊ ကထိကများ ပို့ချပေးလိုက်သည်များကို နားထောင်ပြီး မေးခွန်းဟောင်းများကို လေ့ကျင့်၍ ထူးထူးချွန်ချွန် အောင်မြင်ပြီး နိုင်ငံ့အတွက် အားကိုးအားထားရသည့် စာရင်းပညာ ကျွမ်းကျင်သူများဖြစ်ပါစေဟု ဆုတောင်းပေးပါကြောင်း။
၄။ သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၀၉ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
