ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၂၂၉)ဖွင့်ပွဲ အခမ်းအနား ကျင်းပ

၁။၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂၂၉)ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသား/သင်တန်းသူ (၂၇၅)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။       အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ-

-        ယနေ့ဖွင့်လှစ်သော သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ဌာနအသီးသီးမှ ဝန်ထမ်းများ တတ်သင့်တတ်ထိုက်သည့် စာရင်းဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း၊

-        ပို့ချမည့် ဘာသာရပ်များမှာ ဝန်ထမ်းတိုင်း သိထားသင့်သည့် ဝန်ထမ်းနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာငွေ အရအသုံးနှင့်ဆိုင်သော စည်းမျဉ်းစည်းကမ်းများနှင့် စာရင်းဆိုင်ရာ ပညာရပ်များဖြစ်ကြောင်း၊         

-        သင်တန်းကာလအတွင်း မိမိတို့အတွက်၊ မိမိဌာနအတွက် အကျိုးရှိအောင် ပို့ချသော သင်ခန်းစာများကို ဂရုတစိုက် လေ့လာမှတ်သားကြရန်နှင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူမှသာ ပို့ချသည့်ဘာသာရပ်ကို သဘောပေါက်မှာ ဖြစ်ကြောင်း၊ ကြိုးစားမှသာ စာမေးပွဲ ဖြေဆိုနိုင်မှာဖြစ်၍ မဆုတ်မနစ်သော ဇွဲဖြင့် ကြိုးစားကြစေလိုကြောင်း၊

-        သင်တန်းကို မည်သည့် ရည်ရွယ်ချက်နှင့် တက်သည်ဖြစ်စေ သင်ကြားပို့ချသည့် ပညာရပ်ကို ဌာနအတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် အမှန်တကယ် တတ်မြောက်ဖို့ လိုအပ်ကြောင်း နှင့် သင်တန်းစာမေးပွဲကို သင်တန်းဆင်း အရည်အချင်း သတ်မှတ်ချက်အဆင့်ဖြင့် ထုတ်ပြန်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့သွားမှာဖြစ်ကြောင်း၊

-        သင်တန်းစာမေးပွဲကို တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိသဖြင့် အခွင့်အရေး ရရှိခိုက် ကြိုးစားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများကို အလေးထား လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

၄။       သင်တန်းဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။