၁။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့ မွန်းလွဲ(၁း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုုသင်တန်း အမှတ်စဉ်(၂၂၈)ဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန် အမှာစကားပြော ကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဤရုံးကထိကများနှင့် သင်တန်းသူ/ သင်တန်းသား ( ၂၁၆ )ဦး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသူ/ သင်တန်းသားတို့ တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြား ခဲ့ပါသည်-
- ယခုဖွင့်လှစ်သော သင်တန်းအား (၅-၆-၂၀၁၇) ရက်နေ့မှ (၂-၈-၂၀၁၇)ရက်နေ့ထိ သင်တန်းကာလ(၂)လဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ/သင်တန်းသား(၂၁၆)ဦးနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၌ သီးခြားသင်တန်း ဖွင့်လှစ်ခွင့်ပြုပြီး တက်ရောက်ခဲ့သည့် သင်တန်းသူ/သား (၆၀) ဦးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာန၌ သီးခြားသင်တန်း ဖွင့်လှစ်ခွင့်ပြုပြီး တက်ရောက်ခဲ့သည့် သင်တန်းသူ/ သား (၉၅) ဦး၊ စုစုပေါင်း (၃၇၁) ဦး တက်ရောက်ပြီး စာမေးပွဲကို (၇-၈-၂၀၁၇) ရက်နေ့မှ (၁၁-၈-၂၀၁၇) ရက်နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊
- အခမ်းအနားသို့ တက်ရောက်လာသော သင်တန်းသူ/သင်တန်းသားများ အနေနှင့် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်သလို စာမေးပွဲကိုလည်း ကောင်းစွာဖြေဆိုနိုင်လိမ့်မည် ဟု မျှော်လင့်မိပါကြောင်း၊
- အခြေခံ စာရင်းကိုင်ပညာရပ်သည် နိုင်ငံ့ဝန်ထမ်းများအတွက် လိုအပ်သည့် ပညာရပ်ဖြစ်ပြီး မိမိဌာနမှာ တာဝန်ထမ်းဆောင်သည့်အခါ သင်တန်းမှ ပို့ချပေးသော စာတွေ့ဗဟုသုတ ပညာများကို သက်ဆိုင်ရာကဏ္ဍအလိုက် လက်တွေ့အသုံးချနိုင်အောင် ကြိုးစား ကြစေလိုကြောင်း၊
- သင်တန်းကို အချိန်ကုန်ငွေကုန်ခံပြီး တက်ရောက်ကြရသည် ဖြစ်သောကြောင့် သင်ကြားပေးလိုက်သည့် ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် မိမိအတွက်၊ ဌာနအတွက်၊ နိုင်ငံ့အတွက် အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊
- သင်တန်းသူ/သားများသည် စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ပြီးနောက် အဆင့်မြင့် သင်တန်းများဖြစ်သည့် အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင် သင်တန်းများကို တက်ရောက်နိုင်ကြပြီး နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ စောင့်ထိန်းရမည့် ဝန်ထမ်းကျင့်ဝတ် စည်းကမ်းများကို လိုက်နာစောင့်ထိန်းကြပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးတိုး၍ ဆောင်ရွက် နိုင်သောဝန်ထမ်းကောင်းများဖြစ်ကြစေလိုကြောင်း မှာကြားပါသည်။
၄။ အခမ်းအနားကို မွန်းလွဲ( ၁ း ၁၅ )နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
