ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

Legal Framework

မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေ

 

 နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့

မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ

(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေ အမှတ် ၁/၉၄)

၁၃၅၅ ခုနှစ် ၊ တပို့တွဲလပြည့်ကျော် ၁၁ ရက်

(၁၉၉၄ ခုနှစ် ၊ မတ်လ ၈ ရက် )

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်း လိုက်သည်၊၊

အခန်း(၁)

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁၊၊    ဤဥပဒေကို မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေဟုခေါ်တွင်စေရမည်၊၊

၂၊၊    ဤဥပဒေတွင်ပါရှိသောအောက်ပါစကားရပ်များသည်ဖော်ပြပါအတိုင်းအဓိပ္ပာယ်သက်ရောက်
 စေရမည်-

(က)    ကောင်စီဆိုသည်မှာဤဥပဒေအရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံစာရင်းကောင်စီကိုဆိုသည်၊

(ခ)     စာရင်းပညာဆိုသည်မှာ စာရင်းပြုစုခြင်း၊ စာရင်းကိုင်ခြင်း၊ စာရင်းစစ်ခြင်း၊ စာရင်းရှင်းခြင်း၊
         ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာသတင်းအချက်အလက်ပေးသည့်စနစ်ကျင့်သုံး
         ခြင်းတို့ကိုဆိုသည်၊၊ယင်းစကားရပ်တွင် ကောင်စီကသတ်မှတ်သည့် စာရင်းပညာရပ်များ
         လည်းပါဝင်သည်၊

(ဂ)    စာရင်းကိုင်အလုပ်သင်ဆိုသည်မှာလက်မှတ်ရပြည်သူ့စာရင်းကိုင်ဖြစ်ရန်ကောင်စီ၏ ခွင့်ပြု
        ချက်အရ လက်တွေ့ အလုပ်သင်အဖြစ် မှတ်ပုံတင်ထားသူကိုဆိုသည်၊

(ဃ)  စာရင်းကိုင်အလုပ်သင်လုပ်သက် ဆိုသည်မှာ ကောင်စီကသတ်မှတ်သည့်စာရင်းပညာကို
        လက်တွေ့သင်ကြားရမည့်ကာလကို ဆိုသည်၊

(င)  လက်မှတ်ရပြည်သူ့စာရင်းကိုင်ဆိုသည်မှာလက်မှတ်ရပြည်သူ့စာရင်းကိုင်စာမေးပွဲအောင်မြင်
      ရမည့်အပြင်စာရင်းကိုင်အလုပ်သင်လုပ်သက်အတွင်းလက်တွေ့လုပ်ငန်းများကို ကျေနပ်ဖွယ်
      ရာဆောင်ရွက်ပြီးဆုံး၍ လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ်မှတ်ပုံတင်ထားသူကိုဆိုသည်၊

(စ)   ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူဆိုသည်မှာ လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ်
        မှတ်ပုံတင်ပြီးနောက် စာရင်းပညာဆိုင်ရာလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းအဖြစ်
        လုပ်ကိုင်ရန်မှတ်ပုံတင်ထားသူကို ဆိုသည်၊၊

အခန်း(၂)

ရည်ရွယ်ချက်များ

၃၊၊    ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

       (က)    နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည့် အရည်အချင်းပြည့်မီ
                 သော စာရင်းပညာရှင်များ တိုးပွားလာစေရန်၊

(ခ)    စာရင်းပညာခေတ်မီတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ၊

       (ဂ)    အစိုးရဌာနများ၊အဖွဲ့အစည်းများတွင်ကျင့်သုံးလျက်ရှိသောစာရင်းပညာရပ်များဖွံ့ဖြိုးတိုးတက်
               ရေးအတွက်အထောက်အကူပြုရန်၊

(ဃ)    စာရင်းကိုင်အလုပ်သင်၊ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း
         လုပ်ကိုင်သူတို့အား ကျင့်ဝတ်သိက္ခာကိုစောင့်ထိန်းစေရန်၊၊

အခန်း(၃)

မြန်မာနိုင်ငံစာရင်းကောင်စီဖွဲ့စည်းခြင်း

၄၊၊    အစိုးရအဖွဲ့သည်-

(က)    မြန်မာနိုင်ငံစာရင်းကောင်စီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-

(၁)    စာရင်းစစ်ချုပ် ဥက္ကဋ္ဌ

(၂)    တစ်ဆယ်ဦးထက်မပိုသော အဖွဲ့ဝင်များ နိုင်ငံသားစာရင်းပညာရှင်များ

(၃)    လေးဦးထက်မပိုသော သင့်လျော် အဖွဲ့ဝင်များသည့် နိုင်ငံသားများ

(၄)    ဥက္ကဋ္ဌတာဝန်ပေးအပ်သူ အတွင်းရေးမှူး

(ခ)    လိုအပ်ပါက ဒုတိယဥက္ကဋ္ဌနှင့် တွဲဖက်အတွင်းရေးမှူးတို့ကို သတ်မှတ်နိုင်သည်၊

(ဂ)    ကောင်စီ၏သက်တမ်းကို သတ်မှတ်နိုင်သည်၊

(ဃ)    ကောင်စီကို လိုအပ်သလိုပြင်ဆင်ဖွဲ့စည်းနိုင်သည်၊၊

၅၊၊    ကောင်စီသည် အစိုးရဝန်ထမ်းမဟုတ်သောကောင်စီဝင်များအားချီးမြှင့်ငွေ သတ်မှတ်ခံစား ခွင့်ပြုနိုင်သည်၊၊

၆၊၊    ကောင်စီသည် စဉ်ဆက်မပြတ်ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ ကိုယ်ပိုင်တံဆိပ်ဖြင့် ဆောင်ရွက် ပိုင်ခွင့် ၊ တရားစွဲဆိုပိုင်ခွင့်နှင့် တရားစွဲဆိုခံနိုင်ခွင့်ရှိသည်၊၊   

အခန်း(၄)

ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၇၊၊    ကောင်စီ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က)    အစိုးရဌာနများ၊ အဖွဲ့အစည်းများကစာရင်းပညာနှင့်စပ်လျဉ်း၍အကြံဉာဏ်များတောင်းခံ
          ပါကအကြံဉာဏ်များပေးခြင်း၊

(ခ)    စာရင်းပညာဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ခြင်း၊ ဒီပလိုမာ၊ အောင်လက်မှတ်များ ပေးအပ်
        ခြင်း၊ စီမံခန့်ခွဲခြင်းနှင့်ကြီးကြပ်ကွပ်ကဲခြင်း၊

(ဂ)    စာရင်းပညာနှင့်စပ်လျဉ်း၍လက်တွေ့သင်ကြားပေးရေးအတွက်စီစဉ်ဆောင်ရွက်ခြင်း၊စာရင်း
        ကိုင်အလုပ်သင်လုပ်သက်သတ်မှတ်ခြင်း၊ အလုပ်သင်ကြားပေးနိုင်သည့် စာရင်းကိုင်အဖြစ ်
        အသိအမှတ်ပြုခြင်း၊

(ဃ)   နိုင်ငံခြားတိုင်းပြည်များမှ စာရင်းပညာဆိုင်ရာလက်မှတ်နှင့်ဘွဲ့များကိုစိစစ်အသိအမှတ်
         ပြုခြင်း၊ ယင်းသို့ အသိအမှတ်ပြုသည့်လက်မှတ်သို့မဟုတ် ဘွဲ့ရရှိထားသည့် နိုင်ငံသား
        များအား မှတ်ပုံတင်နိုင်ရန် လိုအပ်ချက်များကို သတ်မှတ်ခြင်း၊

       (င)    သင့်လျော်သည့်ပုဂ္ဂိုလ်တစ်ဦးအား မှတ်ပုံတင်အရာရှိအဖြစ်ခန့်ထားခြင်း၊ ယင်း၏ တာဝန်
                ဝတ္တရားများကိုသတ်မှတ်ပေးခြင်း၊

       (စ)    စာရင်းပညာခေတ်မီတိုးတက်စေရေးကို ရှေးရှု၍ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ
               စာရင်းပညာအဖွဲ့အစည်းများနှင့်ဆက်သွယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊

       (ဆ)   စာရင်းကိုင်အလုပ်သင်နှင့် သင်တန်းကြီးကြပ်ရေးကော်မတီကို ကောင်စီဝင်များနှင့်အခြား
                သင့်လျော်သော နိုင်ငံသားများဖြင့်ဖွဲ့စည်းခြင်း၊

(ဇ)    စာရင်းကိုင်အလုပ်သင်ကြားပေးနိုင်မည့် အစိုးရဌာနများ၊အဖွဲ့အစည်းများ၏အမည် စာရင်း
        ကိုသတ်မှတ်ခြင်း၊ပြင်ဆင်သတ်မှတ်ခြင်း၊ ယင်းလုပ်ပိုင်ခွင့်များကိုစာရင်းကိုင်အလုပ်သင်နှင့်
        သင်တန်းကြီးကြပ်ရေးကော်မတီအားလွှဲအပ်ဆောင်ရွက်စေခြင်း၊

(ဈ)    ဤဥပဒေအရ ဖွင့်လှစ်သောစာရင်းပညာဆိုင်ရာ သင်တန်းများ သင်ကြားပို့ချမှု အဆင့် မီ၊
         မမီ လိုအပ်သလို စိစစ်သုံးသပ်ခြင်း၊

       (ည)   လိုအပ်သောကော်မတီများ၊ အဖွဲ့များကိုဖွဲ့စည်း၍ ယင်းကော်မတီများ၊ အဖွဲ့များ၏ တာဝန်
                များကို သတ်မှတ်ပေးခြင်း၊

       (ဋ)    စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာ အဖွဲ့ အစည်းများ
               ဖွဲ့စည်းခြင်းကို စိစစ်၍ခွင့်ပြုခြင်း၊လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊
       (ဌ)    တာဝန်ပျက်ကွက်သော သို့မဟုတ် စာရင်းပညာရှင် ကျင့်ဝတ်သိက္ခာဖောက်ဖျက်သော
               ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူများကို အရေးယူခြင်း၊

(ဍ)    ဤဥပဒေပါ ရည်ရွယ်ချက်များ ထမြောက် အောင်မြင်စေရန် ဆောင်ရွက်ခြင်း၊၊

အခန်း(၅)

စာရင်းကိုင်အလုပ်သင်အဖြစ် မှတ်ပုံတင်ခြင်း

၈၊၊    စာရင်းကိုင်အလုပ်သင်အဖြစ် မှတ်ပုံတင်ခွင့်ရရှိလိုသူ နိုင်ငံသားသည် ကောင်စီ၏ သတ်မှတ် ချက်များနှင့်အညီ မှတ်ပုံတင်ပေးရန် ကောင်စီသို့ လျှောက်ထားနိုင်သည်၊၊

၉၊၊    ကောင်စီသည် လျှောက်ထားသူ၏ လျှောက်လွှာကို စိစစ်ပြီးနောက် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားသူအား-

(က)    စာရင်းကိုင်အလုပ်သင်အဖြစ် ရွေးချယ်၍ မှတ်ပုံတင်ခွင့် ပြုရမည်၊

(ခ)    သတ်မှတ်သည့် မှတ်ပုံတင်ကြေး၊ သင်တန်းကြေးနှင့် စာမေးပွဲဝင်ကြေးတို့ကို ပေးဆောင်
         စေရမည်၊

(ဂ)    မှတ်ပုံတင်တွင် စာရင်းကိုင်အလုပ်သင်အဖြစ် ရေးသွင်းထားရှိရမည်၊၊

၁၀၊၊    စာရင်းကိုင်အလုပ်သင်သည် စာရင်းကိုင်အလုပ်သင်လုပ်သက်အတွင်း လုပ်ထုံးလုပ်နည်း နှင့်အညီ သင်ကြားမှုကို ခံယူရမည်၊၊

၁၁၊၊    ကောင်စီသည် လက်မှတ်ရပြည်သူ့စာရင်းကိုင် စာမေးပွဲအောင်မြင်ပြီး စာရင်းကိုင်အလုပ် သင် လုပ်သက်အတွင်း လက်တွေ့လုပ်ငန်းများကို ကျေနပ်ဖွယ်ရာ ဆောင်ရွက်ပြီးဆုံးသူအား လက်မှတ်ရပြည်သူ့စာရင်းကိုင် အောင်လက်မှတ်ကို ထုတ်ပေးရမည်၊၊

အခန်း(၆)

လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် မှတ်ပုံတင်ခြင်း

၁၂၊၊    လက်မှတ်ရပြည်သူ့စာရင်းကိုင်အဖြစ် မှတ်ပုံတင်ခွင့် ရရှိလိုသူ နိုင်ငံသားသည် အောက်ပါ အရည်အချင်းတစ်ရပ်ရပ်နှင့် ကိုက်ညီပါက မှတ်ပုံတင်ပေးရန် ကောင်စီသို့ လျှောက်ထားနိုင်သည်-

(က)    လက်မှတ်ရပြည်သူ့စာရင်းကိုင် အောင်လက်မှတ်ရရှိသူ၊

       (ခ)    မှတ်ပုံတင်စာရင်းကိုင် စာမေးပွဲအောင်မြင်ပြီး နည်းခံလုပ်သက်အတွင်း လက်တွေ့လုပ်ငန်း
               များကို ကျေနပ်ဖွယ်ရာ ဆောင်ရွက်ပြီးဆုံးသူ၊

       (ဂ)    နိုင်ငံခြားတိုင်းပြည် တစ်ခုခုကပေးအပ်ပြီး ကောင်စီကလည်း အသိအမှတ်ပြုထားသည့်
                စာရင်းပညာဆိုင်ရာ လက်မှတ် သို့မဟုတ် ဘွဲ့ရရှိသူ၊

       (ဃ)   ၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံစာရင်းကောင်စီနည်းဥပဒေများအရ မှတ်ပုံတင်စာရင်းကိုင်အဖြစ်
                မှတ်ပုံတင်ထားပြီးသူ သို့မဟုတ် ယင်းသို့ မှတ်ပုံတင်ခွင့်ရှိသူ၊၊

၁၃၊၊    ကောင်စီသည် လျှောက်ထားသူ၏ လျှောက်လွှာကို စိစစ်ပြီးနောက် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားသူအား-

(က)    မှတ်ပုံတင်ခွင့်ပြုရမည်၊

(ခ)    သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးကို ပေးသွင်းစေရမည်၊

(ဂ)    မှတ်ပုံတင်တွင် အမည်စာရင်း ရေးသွင်းပြီး လက်မှတ်ရပြည်သူ့စာရင်းကိုင် မှတ်ပုံတင်
        လက်မှတ်ကို ထုတ်ပေးရမည်၊၊

၁၄၊၊   

       (က)    လက်မှတ်ရပြည်သူ့စာရင်းကိုင်မှတ်ပုံတင်လက်မှတ်သက်တမ်းကုန်ဆုံးသဖြင့်သက်တမ်း
                 တိုးမြှင့်လိုသူသည်သတ်မှတ်သည့် နည်းလမ်းများနှင့်အညီကောင်စီသို့လျှောက်ထားနိုင်
                 သည်၊
       (ခ)    ကောင်စီသည်လျှောက်ထားသူအားသတ်မှတ်ထားသောမှတ်ပုံတင်ကြေးကိုပေးဆောင်စေ
                ၍ သက်တမ်းတိုးမြှင့်ပေးနိုင်သည်၊၊

အခန်း(၇)

ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းကို လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ခြင်း

၁၅၊၊    ပုဒ်မ ၁၃ အရ မှတ်ပုံတင်ထားသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင်သည် ကိုယ်ပိုင်စာရင်း ကိုင်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လိုပါက သတ်မှတ်သည့် နည်း လမ်းများနှင့်အညီ မှတ်ပုံတင်ပေးရန် ကောင်စီသို့ လျှောက်ထားနိုင်သည်၊၊

၁၆၊၊    ကောင်စီသည် လျှောက်ထားသူ၏ လျှောက်လွှာကို စိစစ်ပြီးနောက် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လျှောက်ထားသူအား-

(က)    မှတ်ပုံတင်ခွင့်ပြုရမည်၊

(ခ)    သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးကို ပေးသွင်းစေရမည်၊

(ဂ)    မှတ်ပုံတင်တွင်အမည်စာရင်းရေးသွင်းပြီးကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်
         ကို ထုတ်ပေးရမည်၊၊

၁၇၊၊   

       (က)    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးသဖြင့် သက်တမ်း
                 တိုးမြှင့်လိုသူသည် သတ်မှတ်သည့်နည်းလမ်းများနှင့်အညီ ကောင်စီ သို့လျှောက်ထားနိုင်
                 သည်၊

       (ခ)    ကောင်စီသည် လျှောက်ထားသူအား သတ်မှတ်ထားသော မှတ်ပုံတင်ကြေးကို ပေးဆောင်
                စေ၍ သက်တမ်းတိုးမြှင့်ပေးနိုင်သည်၊၊

အခန်း(၈)

ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူ၏ တာဝန်၊ ကျင့်ဝတ်သိက္ခာနှင့် ရပိုင်ခွင့်များ

၁၈၊၊    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူသည် အောက်ပါတာဝန်များရှိသည်-

        (က)    မိမိတာဝန်ယူဆောင်ရွက်သည့် စာရင်းပညာဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အမှန်
                  ကန်ဆုံး ဖြစ်နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊

        (ခ)    ဤဥပဒေအရ ထုတ်ပြန်သောနည်းဥပဒေများ၊လုပ်ထုံးလုပ်နည်းများ၊အမိန့်များ၊ ညွှန်ကြား
                 ချက်များကို လိုက်နာဆောင်ရွက်ခြင်း၊

        (ဂ)    မိမိအား ကောင်စီက ပေးအပ်သည့် စာရင်းပညာဆိုင်ရာ တာဝန်များကို ကျေပွန်စွာဆောင်
                ရွက်ခြင်း၊၊

၁၉၊၊    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူသည် စာရင်းပညာလုပ်ငန်းဆောင်ရွက်ရာတွင် မိမိထိန်းသိမ်းရမည့် ကျင့်ဝတ်သိက္ခာများနှင့််မညီသော အောက်ပါပြုလုပ်မှုတစ်ခုခုကို မပြုလုပ်ရ-

(က)     တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကြော်ငြာခြင်း၊ တစ်နည်းနည်းဖြင့် စာရင်းပညာ
           ဆိုင်ရာ အလုပ်ကို တောင်းယူခြင်း၊ မိမိအား ငှားရမ်းစေရန် ဆောင်ရွက်ခြင်း၊

(ခ)    အမြတ်ရာခိုင်းနှုန်းပေါ်တွင် အခြေတည်၍ လုပ်ခငွေတောင်းယူခြင်း၊

(ဂ)    ကောင်စီက လိုအပ်၍ တောင်းဆိုသည့် စာရင်းများနှင့်စပ်လျဉ်းသည့် အချက်အလက်များ
        ကို ပေးရန်ပျက်ကွက်ခြင်း၊

(ဃ)    မိမိတစ်ဦးတည်းသာသိရှိစေသောအကြောင်းအချက်များကိုအလုပ်ရှင်၏ခွင့်ပြုချက်မရဘဲ
          သို့မဟုတ် တည်ဆဲဥပဒေတစ်ရပ်ရပ်အရ မဟုတ်ဘဲ ထုတ်ဖော်ပြောဆို ခြင်း၊

(င)    မိမိအားပေးအပ်သည့် စာရင်းပညာဆိုင်ရာ အလုပ်ဝတ္တရားများကို ဆောင်ရွက်ရာတွင်
         ထိုက်သင့်သော သတိမထားရှိဘဲ ဆောင်ရွက်ခြင်း၊

(စ)    လက်မှတ်ရပြည်သူ့စာရင်းကိုင် မဟုတ်သူများနှင့် စာရင်းစစ်ဆေးခြင်းလုပ်ငန်းများတွင်
         အစုစပ်ပါဝင်ဆောင်ရွက်ခြင်း၊

(ဆ)    ယခင်စာရင်းစစ်အဖြစ်ဆောင်ရွက်ခဲ့သူနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဘဲထိုစာရင်း
          စစ်ရာထူးကို လက်ခံခြင်း၊

(ဇ)    စာရင်းစစ်များခန့်ထားခြင်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပါ
         ပြဋ္ဌာန်းချက်များကို မလိုက်နာခြင်း၊

(ဈ)    ကုမ္ပဏီညွှန်းတမ်းတွင်သော်လည်းကောင်း၊ အခြားတစ်နည်းနည်းဖြင့်သော်လည်း
         ကောင်း ပုံနှိပ်ထုတ်ဝေရန် အနာဂတ်အမြတ်ငွေကို ခန့်မှန်းတွက်ချက်အတည်ပြုပေးခြင်း၊
        သို့မဟုတ် တစ်နှစ်စီအတွက် အရှုံးအမြတ်များကို သီးခြားဖော်ပြခြင်းမပြုဘဲ တစ်နှစ်ထက်
        ပိုသော နှစ်များအတွက် ပျမ်းမျှအမြတ်ငွေရှင်းတမ်းများကို ပုံနှိပ်ထုတ်ဝေရန် အတည်ပြု
         ပေးခြင်း၊

(ည)    လုပ်ငန်းရှင်က ယုံမှတ်အပ်နှံထားသည့် ငွေကြေးများကို ကိုင်တွယ်ခန့်ခွဲရပါက ယင်း
         ငွေကြေးများကို စနစ်တကျ သုံးစွဲခန့်ခွဲကြောင်း သိသာပေါ်လွင်စေရေး အတွက် လိုအပ်
         သော စာရင်းမှတ်တမ်းများ၊ သီးခြားဘဏ်စာရင်းများ ဖွင့်လှစ် ထိန်းသိမ်းရန် ပျက်ကွက်
          ခြင်း၊၊

၂၀၊၊    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်သူသည်-

(က)    ယင်းလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ခွင့်ရှိသည်၊

(ခ)    သင့်တင့်မျှတသော လုပ်ခကို တောင်းခံပိုင်ခွင့်ရှိသည်၊

(ဂ)    ကောင်စီသို့ အကြံပြုခွင့်ရှိသည်၊

(ဃ)    နစ်နာချက်များကို ကောင်စီသို့ တင်ပြခွင့်ရှိသည်၊၊

အခန်း (၉)

ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူများအား အရေးယူခြင်း

၂၁။   

         (က)    ကောင်စီသည် ပုဒ်မ ၁၈ တွင် ပြဋ္ဌာန်းထားသည့် တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်
                   ကွက်သည် သို့မဟုတ် ပုဒ်မ ၁၉ တွင် ပြဋ္ဌာန်းထားသည့် ကျင့်ဝတ်သိက္ခာ တစ်ရပ်ရပ်ကို
                   ဖောက်ဖျက်သည်ဟု စွပ်စွဲခံရသော ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူအား စုံစမ်း
                   စစ်ဆေးနိုင်ရန် ကောင်စီဝင်အနည်းဆုံး ၁ ဦးပါဝင်သော အဖွဲ့ဝင် ၃ ဦးဖြင့် စုံစမ်းစစ်ဆေး
                   ရေးအဖွဲ့ကို ဖွဲ့စည်း၍ တာဝန်ပေးအပ်နိုင်သည်၊

          (ခ)    စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မိမိ၏စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကိုကောင်စီက ဤကိစ္စ
                  ရပ်အလို့ငှာ ကောင်စီဝင် ၅ ဦးဖြင့်ဖွဲ့စည်းသည့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီသို့
                  တင်ပြရမည်၊

         (ဂ)    စည်းကမ်းထိန်းသိမ်းရေး ကော်မတီသည် အောက်ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ် တစ်ရပ်ရပ်
                 ကို ချမှတ်နိုင်သည်-

(၁)    သတိပေးခြင်း၊

(၂)    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ကာလအပိုင်းအခြား သတ်မှတ်၍      
         ရုပ်သိမ်းခြင်း၊

(၃)    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့် လက်မှတ်ကို ပယ်ဖျက်ခြင်း၊

၂၂။    စည်းကမ်းထိန်းသိမ်းရေးကော်မတီသည်အကျင့်စာရိတ္တ ပျက်ပြားရာရောက်သည့် ပြစ်မှုဖြင့် ပြစ်မှု
ထင်ရှားစီရင်ခြင်းခံရသော ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူအား အောက်ပါစီမံခန့်ခွဲ ရေးဆိုင်ရာ
 ပြစ်ဒဏ်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်-

          (က)    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်ခွင့်ကိုကာလအပိုင်းအခြားသတ်မှတ်၍ ရုပ်သိမ်းခြင်း၊

   (ခ)    ကိုယ်ပိုင်စာရင်းကိုင် လုပ်ငန်းလုပ်ကိုင်ခွင့် လက်မှတ်ကို ပယ်ဖျက်ခြင်း၊

၂၃။   

           (က)    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ကိုကာလအပိုင်းအခြားသတ်မှတ်၍ ရုပ်သိမ်းခြင်း
                     ခံရသူသည် သတ်မှတ်သည့်ကာလ ကုန်ဆုံးသည့်အခါ ကိုယ်ပိုင် စာရင်းကိုင်လုပ်ငန်း ပြန်
                    လည်မှတ်ပုံတင်ခွင့် ရရှိရေးအတွက် ကောင်စီသို့ လျှောက် ထားနိုင်သည်၊

           (ခ)    ကောင်စီသည်လျှောက်ထားသူအားသတ်မှတ်ထားသောအခကြေးငွေများပေးဆောင်စေ၍
                   ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် ထုတ်ပေးနိုင်သည်၊

အခန်း (၁၀)

အယူခံခြင်း

၂၄။    စည်းကမ်းထိန်းသိမ်းရေးကော်မတီက ပုဒ်မ၂၁ သို့မဟုတ် ပုဒ်မ ၂၂ အရ ချမှတ်သောအမိန့်
သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချမှတ်သောနေ့မှ
ရက်ပေါင်း ၆၀ အတွင်း ကောင်စီသို့ အယူခံနိုင်သည်။

၂၅။    ကောင်စီသည် ပုဒ်မ၂၄ အရ တင်သွင်းသည့် အယူခံမှုများနှင့် စပ်လျဉ်း၍ အောက်ပါ လုပ်ပိုင်ခွင့်များရှိသည်-

          (က)    အတည်ပြုခြင်း၊

           (ခ)    ပယ်ဖျက်ခြင်း၊

           (ဂ)    ပြင်ဆင်ခြင်း၊

           (ဃ)    ပြန်လည်စုံစမ်းစစ်ဆေးစေခြင်း။

၂၆။    ကောင်စီ၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။

အခန်း (၁၁)

တားမြစ်ချက်များ

   ၂၇။    မည်သူမျှ ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ် မရှိဘဲ မြန်မာနိုင်ငံ ကုမ္ပဏီ
   များ အက်ဥပဒေ သို့မဟုတ် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းတည်
   ထောင်ထားသည့် ကုမ္ပဏီတွင် စာရင်းစစ်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရ။ သို့ရာတွင်
   ယင်းတားမြစ်ချက်သည် အစိုးရအဖွဲ့က အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုသော
   ကုမ္ပဏီတစ်ခုခုတွင် စာရင်းစစ်အဖြစ် လုပ်ကိုင်ဆောင်ရွက်သူနှင့် သက်ဆိုင်ခြင်းမရှိစေရ။

   ၂၈။    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ကာလသတ်မှတ်၍ ရုပ်သိမ်းခြင်းခံရသူ
    သို့မဟုတ် ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်ခွင့်လက်မှတ်ကို ပယ်ဖျက်ခြင်းခံရသူသည်
    စည်းကမ်းထိန်းသိမ်းရေးကော်မတီကအမိန့် သို့မဟုတ်ဆုံးဖြတ်ချက်ချမှတ်သည့််နေ့မှရက်ပေါင်း
    ၃၀ အတွင်း ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်းလုပ်ကိုင်ခွင့်လက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်ကွက်
    ခြင်းမရှိစေရ။

၂၉။    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူသည် မည်သည့်စာရင်းဖော်ပြချက်၊ကြေညာချက်၊ ရှင်းတမ်း၊ အစီရင်ခံစာ၊ ငွေစာရင်းစာအုပ်၊ လက်မှတ် သို့မဟုတ် ပုံစံတွင်မဆို မဟုတ်မမှန်သည့် အချက်ကို သိလျက်နှင့် ထည့်သွင်းဖော်ပြခြင်းမပြုရ။

 ၃၀။    ကိုယ်ပိုင်စာရင်းကိုင်လုပ်ငန်း လုပ်ကိုင်သူသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ
 လုပ်ငန်း၏ အစုဝင်ကသော်လည်းကောင်း၊ မိမိ၏ဝန်ထမ်းကသော်လည်းကောင်း ကြီးကြပ်ကွပ်
ကဲ၍ ပြည့်စုံစွာ စစ်ဆေးထားခြင်းမရှိသော လက်ကျန်ရှင်းတမ်း၊ အရှုံးအမြတ်စာရင်း သို့မဟုတ်
မည်သည့် စာရင်းဇယားကိုမျှ အတည်ပြုမပေးရ သို့မဟုတ် မိမိကိုယ်စား လက်မှတ်ရေးထိုးခွင့်
မပြုရ။

အခန်း (၁၂)

ပြစ်ဒဏ်များ

၃၁။    မည်သူမဆို ပုဒ်မ ၂၇ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ငွေဒဏ်ကျပ် ၃၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ၊ ချမှတ်ရမည်။

၃၂။     မည်သူမဆို ပုဒ်မ ၂၈ ပါပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်း  ခံရလျှင် ထိုသူအား ငွေဒဏ်ကျပ် ၅၀၀၀ အထိ ချမှတ်ရမည်။

၃၃။    မည်သူမဆို ပုဒ်မ ၂၉ သို့မဟုတ် ပုဒ်မ ၃၀ ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအားငွေဒဏ်ကျပ် ၅၀၀၀၀အထိဖြစ်စေ၊ ထောင်ဒဏ် ၇ နှစ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

အခန်း (၁၃)

အထွေထွေ

၃၄။   

(က)    ကောင်စီ၏ကုန်ကျစရိတ်များကို စာရင်းစစ်ချုပ်ရုံးက ကျခံရမည်၊

(ခ)    ကောင်စီ၏ ရံုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် လိုအပ်သော ဝန်ထမ်းများကို စာရင်းစစ်
       ချုပ်ရုံးက စုစည်းသတ်မှတ်ပေးရမည်၊

၃၅။     တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် သော်လည်းကောင်း စာချုပ်စာတမ်း တစ်ခုခုတွင်သော် လည်းကောင်း၊ အမှတ်အသား တစ်ခုခုတွင်သော်လည်းကောင်း မှတ်ပုံတင်စာရင်းကိုင်ဟုရည်ညွှန်း ထားလျှင် ထိုရည်ညွှန်းချက်သည် ဤဥပဒေတွင် အဓိပ္ပာယ်ဖော်ပြထားသည့် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်ကို ရည်ညွှန်းသည်ဟု မှတ်ယူရမည်။

၃၆။    ၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံစာရင်း
ကောင်စီသည် ဤဥပဒေအရ မြန်မာနိုင်ငံစာရင်းကောင်စီကို ဖွဲ့စည်းခြင်းမပြုမီ ဤဥပဒေအရ
ဖွဲ့စည်းသည်ဟု မှတ်ယူရမည်။

၃၇။    ၁၉၇၂ ခုနှစ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေအရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်သည်။

၃၈။    ဤဥပဒေပါပြဋ္ဌာန်းချက်များကို ဆောင်ရွက်နိုင်ရန် -

(က)    စာရင်းစစ်ချုပ်သည် လိုအပ်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်၊

(ခ)    ကောင်စီသည် လိုအပ်သောအမိန့်၊ ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

၃၉။    ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။

(ပုံ)  သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့