ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ

   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည်   နိုဝင်ဘာ နောက်ဆုံးပတ်က ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အမှာစကား ပြောကြားရာတွင် စာရင်းစစ်ဝန်ထမ်းများသည် အတတ်ပညာရှင်များဖြစ်၍ ပညာရှင်များ၏ ကျင့်ဝတ် သိက္ခာဖြစ်သည့် ရိုးသားဖြောင့်မတ်၍ သမာဓိရှိခြင်း၊ အရည်အချင်းပြည့်မီစွာ ဆောင်ရွက်ခြင်း၊ လုံ့လစိုက်ထုတ်၍ သတိသမ္ပစဉ်ဖြင့် ဆောင်ရွက်ခြင်း၊ လျှို့ဝှက်ထားရမည့်ကိစ္စအား လိုက်နာဆောင်ရွက်ခြင်း၊ ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်တင်၍ ဆောင်ရွက်ခြင်းစသည့် ကျင့်ဝတ်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး ၏ ဆောင်ပုဒ်ဖြစ်သည့် "ရိုးသား၊ ကြိုးစား၊ ဧရာဝတီသား" ဆောင်ပုဒ်နှင့်အညီ ကြိုးစားတာဝန် ထမ်းဆောင်ကြရန်၊ လုပ်ငန်းများ ဆောင်ရွက်ကြရာ၌ ပစ္စုပ္ပန်ကာလသည် အမြဲရင်ဆိုင်နေရသည့် ကာလဖြစ်သည့်အတွက် ပစ္စုပ္ပန်ကာလတွင် ကာယကံ၊ ဝစီကံ၊ မနောကံတို့၌ လုပ်သင့်သည်ကို မလုပ်မိ၍၊ မလုပ်သင့်သည်ကို လုပ်မိ၍ လွဲမှားဆောင်ရွက်မိကာ နောင်တရခြင်းမျိုး မရှိအောင် ပစ္စုပ္ပန်ကာလတွင် ကောင်းသည်များကို လုပ်ဆောင်၍ မကောင်းသည်ကို ရှောင်ကြဉ်နိုင်သည့် အခွင့်အရေးရှိ၍ ယင်းအခွင့်အရေးကိုလည်း အမိအရ ရယူဆောင်ရွက်ရန် တိုက်တွန်းမှာကြားသည်။

 ဆက်လက်၍ ခေါင်းဆောင်ကောင်းတစ်ဦးတွင် ရှိရမည့် မာနထောင်လွှားမှု ကင်းခြင်း၊ လောဘရမ္မက်အား ချိုးနှိမ်နိုင်ခြင်း၊ ကတိတည်မြဲခြင်း၊ လုံ့လ ဝီရိယရှိခြင်း၊ ကျေးဇူးတရားသိတတ်ခြင်း၊ သဘောထားကြီး၍ သည်းခံခြင်း စသည့်အချက်များနှင့် ပြည်စုံရန် လိုအပ်ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများဖြစ်သည့် ဘဏ္ဍာရေးစာရင်းစစ်ခြင်း၊ စည်းမျဉ်းစည်းကမ်း လိုက်နာမှု စစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းတို့နှင့် သက်ဆိုင်သည့် စစ်ဆေးရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးမှာကြား၍ စာရင်းစစ်ဝန်ထမ်းများသည် တိုင်းပြည်ဖွံ့ဖြိုး ထူထောင်ရေးကဏ္ဍတွင် မိမိတို့ ပါဝင်ထမ်းဆောင်ရမည့် အခန်းကဏ္ဍကို ပီပီပြင်ပြင်ဆောင်ရွက်ကြရန်၊ တာဝန်များ ထမ်းဆောင်ကြရာ၌ လုပ်ငန်းခွင်ပျော်ရွှင်သည့် ပတ်ဝန်းကျင်မျိုး ဖန်တီးပေးရန်၊ လုပ်အား လေလွင့်ပြုန်းတီးမှုများ မရှိစေရေးအတွက် စီမံခန့်ခွဲရန်၊ ဘတ်ဂျက်များ တောင်းခံ၍ လိုအပ်သည့် အထောက်အကူ ပစ္စည်းကိရိယာများ ပြည့်စုံရေးအတွက် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

 ၎င်းနောက် အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦးက ဝန်ထမ်းများအား လမ်းညွှန် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်စန်းစန်းခိုင်က ဝန်ထမ်းများ ဖွဲ့စည်းထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။