၁။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အလယ်အလတ်အဆင့်/အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ်(၉၆)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိက များနှင့် သင်တန်းသား/သင်တန်းသူ ( ၂၄၂ )ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- နိုင်ငံတော်အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့် နှင့် အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဆိုပြီး အဆင့်(၃)ဆင့်ခွဲခြား ကာ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း
- နိုင်ငံတော်ကြီးအား စနစ်သစ်ဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်အဖြစ် တည်ဆောက်တဲ့နေရာမှာ ဝန်ထမ်းအသီးသီးဟာ ပြည်သူလူထုအကျိုးစီးပွားကို ယခင်က ထက် ပိုမိုကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ကြောင်း
- ကထိကတွေကလည်း တကယ်နားလည်တတ်ကျွမ်းပြီး အရည်အချင်းပြည့်ဝတဲ့ သူတွေ ပေါ်ထွက်လာရန်ဆိုတဲ့ ရည်ရွယ်ချက်တွေထားရှိပြီး သင်ကြားပေးခဲ့တာ ဖြစ်ကြောင်း
- သင်တန်းမှာသင်ကြားပေးလိုက်တဲ့ ဘာသာရပ်အားလုံးဟာ သင်တန်းသူ/သားများ သိသင့်သိထိုက်၊ ကျွမ်းကျင်သင့်ကျွမ်းကျင်ထိုက်တဲ့ အခြေအနေအရပ်ရပ်ကို ခြုံငုံမိအာင် လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း
- မိမိအလုပ်ကို ကျွမ်းကျင်အောင်မြင်စွာလုပ်ကိုင်နိုင်ခြင်းအားဖြင့် မိမိမှာအကျိုးရှိသလို မိမိတို့ရဲ့အဖွဲ့အစည်း၊ မိမိတို့ရဲ့နိုင်ငံမှာလည်းအကျိုးရှိပြီး သင်ကြားပို့ချပေးလိုက်တဲ့ ကထိကများ၏ စေတနာကိုလည်း အလေးထားရာရောက်ပါကြောင်း၊
- လုပ်ငန်းဆောင်ရွက်ရာမှာ စာရင်းများကို စည်းမျဉ်းစည်းကမ်းနဲ့အညီ အမှားအယွင်း မရှိ ရေးဆွဲနိုင်ပြီး မမှန်မကန်မှု၊ လေလွင့်ဆုံးရှုံးမှုတွေမဖြစ်အောင် လုပ်ဆောင်ကြပါလို့ မှာကြားလိုကြောင်း
- နိဂုံးချုပ်အနေနဲ့ သင်တန်းသူ/သားများ အားလုံး စာမေးပွဲကို အဆင့်ကောင်းကောင်းဖြင့် အောင်မြင်၍ မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များ နဲ့ နိုင်ငံတော်နှင့်ပြည်သူများ၏ အကျိုးကို ဆထက်ထမ်းပိုး တိုး၍ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တဲ့ ဝန်ထမ်းကောင်းများ ဖြစ်ကြစေလိုကြောင်း
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
