ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၀၉း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်းအမှတ်စဉ်-၃၉ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသူ/သား ၇၂ ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်းတွင် Accounting, Financial Reporting, Cost Accounting, Auditing, Information & Communication Technology and System Development ဘာသာရပ် ၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဘာသာရပ် ၆ ခုကို သင်ကြားပို့ချမည်ဖြစ်ကြောင်း၊
- ဖြေဆိုရမည့် ဘာသာရပ် ၆ ခုကို Module 1, Module 2 ခွဲခြားသတ်မှတ်ထားပြီး Accounting, Auditing နှင့် Cost Accounting ဘာသာရပ်တို့ကို Module 1၊ Financial Reporting, Financial and Service Regulations နှင့် Information & Communication Technology and System Development ဘသာရပ်တို့ကို Module 2 အနေနှင့် သတ်မှတ်ထားပြီး ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံးဖြေဆိုကြရမည်ဖြစ်ကြောင်း၊
- Module တစ်ခုထဲမှ ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြားModule တစ်ခုထဲမှ ဘာသာရပ် တစ်ခုခုကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ်အားလုံးအား တစ်ဆက်တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့် ပြုထားပြီး အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင်ဖြစ်စေ၊ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည် ဖြေဆိုရမည် ဖြစ်ကြောင်း၊
- ကျရှုံးသည့် Module တွင်ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး တစ်ဘာသာချင်း ပျမ်းမျှရမှတ် ၂၅ မှတ်ရရှိရန်လိုကြောင်း၊ သို့မှသာ ကျန်Moduleကို အောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊
- ဘာသာရပ်တိုင်းတွင် ကျောင်းတက်ချိန် ၆၀ % ပြည့်မီမှသာ စာမေးပွဲဖြေဆိုခွင့်ရှိမည်ဖြစ်၍ သင်တန်းကို မှန်မှန်တက်စေလိုကြောင်း၊
- ကထိကများ၏ စေတနာကို လေးစားတန်ဖိုးထားစေလိုကြောင်း၊ ကထိကများ သင်ကြားပေးသည်ကို ကြိုးကြိုးစားစားဖြင့် လေ့လာသင်ယူကြပြီး သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာ၍ နိုင်ငံအတွက် အားကိုးရသည့် စာရင်းပညာကျွမ်းကျင် သူများဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၀၉း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
