ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ်-၄၀ ဖွင့်ပွဲ အခမ်းအနားကျင်းပ

၁။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ ) ရက် နံနက်(၀၉း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာ စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ်-၄၀ ဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြပါသည်။

၃။ အခမ်းအနားတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်က အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

- မြန်မာနိုင်ငံ စာရင်းကောင်စီ၏ အစီအစဉ်ဖြင့် ဖွင့်လှစ်သော ဒီပလိုမာ စာရင်းကိုင် (ပထမပိုင်း)သင်တန်း အမှတ်စဉ်-၄၀ ကို ၁-၂-၂၀၁၉ ရက်နေ့မှစ၍ သင်တန်း ကာလ ၁၀ လကြာ ဖွင့်လှစ်မှာ ဖြစ်ကြောင်း၊

- ဘာသာရပ်များကို Module 1, Module 2, ခွဲခြားသတ်မှတ်ထားပြီး စာရင်းရေး စာရင်းကိုင်၊ ဘောဂဗေဒ၊ စီးပွားရေးသချာၤနှင့် စာရင်းအင်းပညာ ဘာသာရပ်တို့ကို Module 1၊ ကူးသန်းရောင်းဝယ်ရေး အထွေထွေ ဗဟုသုတနှင့် စီးပွားရေး ဥပဒေ ဘာသာရပ်တို့ကို Module 2 အနေနဲ့ သတ်မှတ်ထားကြောင်း၊

- ကနဦး ဖြေဆိုချိန်တွင် ဘာသာရပ် အားလုံး ဖြေဆိုကြရမည်ဖြစ်ကြောင်း၊ Module တစ်ခုထဲမှ ဘာသာရပ် အားလုံးအောင်မြင်ပြီး အခြား Module တစ်ခုထဲမှ ဘာသာရပ် တစ်ခုခု ကျရှုံးခဲ့လျှင် Module တစ်ခု အောင်မြင်သည်ဟု သတ်မှတ် ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ်အားလုံးအား တစ်ဆက်တည်း ၃ ကြိမ် ပြန်လည်ဖြေဆို ခွင့်ပြုထားပြီး ၃ ကြိမ်အတွင်း အောင်မြင်မှု မရှိခဲ့လျှင် ဖြစ်စေ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိလျှင်ဖြစ်စေ ကနဦးစာမေးပွဲ ဖြေဆိုသည့် အတိုင်း ဘာသာရပ် အားလုံးကို ပြန်လည်ဖြေဆိုရမည်ဖြစ်ကြောင်း၊

- ကျရှုံးသည့် Module တွင် ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး Module 1 အတွက် ၃ ဘာသာပေါင်း ရမှတ် ၇၅ မှတ်၊ Module 2 အတွက် ၂ ဘာသာပေါင်း ရမှတ် ၅၀နှင့်အထက် ရရှိမှသာ Pass ဖြစ်တဲ့ ကျန် Module ကို အောင်မြင်တယ်လို့ သတ်မှတ်မှာဖြစ်ကြောင်း၊

- DA များသည် Technician များ ဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် အတွက် အထောက်အကူ ပြုနိုင်မည့်သူများ ဖြစ်ကြောင်း၊

- အနာဂတ် ကာလတွင် ကျွမ်းကျင်သော စာရင်းပညာရှင် အများကြီး လိုအပ်လာမည် ဖြစ်သည့်အတွက် CPA ၏ အခြေခံ ဖောင်ဒေးရှင်းဖြစ်သည့် DA သင်တန်း သား/သူများ ဖြစ်စေချင်ကြောင်း၊

- စာရင်းပညာရှင်များအဖြစ် စာရင်းပညာရပ်ဆိုင်ရာ အရည်အချင်း ပြည့်ဝဖို့ လိုအပ်သည့်အပြင် ပညာရှင်များ စောင့်ထိန်းရမည့် ကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

- ကထိကများသည် ၎င်းတို့၏ ကိုယ်ပိုင်အချိန်များကို သင်တန်းအတွက် အသုံးချ ပေးနေကြောင်း သင်တန်းသားများက အသိအမှတ်ပြုကာ ပို့ချမှုများ အပေါ် လေးလေးစားစား နာယူမှတ်သားကြရန် မှာကြားလိုကြောင်း၊

- သင်တန်းက ချမှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြစေလိုကြောင်း၊

- နိဂုံးချုပ် အနေဖြင့် နိုင်ငံတော် အတွက် အားကိုးရသော စာရင်းပညာ ကျွမ်းကျင် သူများဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း။

၄။ အခမ်းအနားကို နံနက်(၀၉း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။