ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်- ၃ များ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်- ၄၈ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၁။     ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ နေ့လည်(၁း၃၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌  စာရင်းစစ်- ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်- ၄၈ သင်တန်းဆင်းပွဲအခမ်းအနား     ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။     အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့်   သင်တန်းသား / သင်တန်းသူ- ၁၁၂ ဦး တက်ရောက်ခဲ့ပါသည်။

၃။     အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်-

  • စာရင်းစစ်များလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊
  • လက်တွေ့လုပ်ငန်းခွင်မှာ Basic Unit များဖြစ်ကြတဲ့ စာရင်းစစ်များရဲ့ အရည်အသွေးမြှင့်တင်ပေးလိုပြီး စာရင်းစစ်ဆေးခြင်းအတတ်ပညာများ ပို၍ကျွမ်းကျင်တတ်မြောက်စေလိုကြောင်း၊
  • စာရင်းစစ်ကျင့်ဝတ်သိက္ခာများကို လိုက်နာသော၊ လုပ်ငန်းကျွမ်းကျင်၍ မိမိတို့ရဲ့အဖွဲ့အစည်းအပေါ် တန်ဖိုးထားတတ်သော စာရင်းစစ်များ ပေါ်ထွန်းလာစေလိုကြောင်း၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေက ပေးအပ်တဲ့တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ တစ်ဦးချင်းစီ၏ အရည်အသွေးများ ဖြည့်ဆည်းကြဖို့ လိုအပ်ကြောင်း၊
  • တွေးခေါ်မြော်မြင်တတ်မှုနှင့် ဝေဖန်ပိုင်းခြားနိုင်သောစွမ်းရည်များ ပြည့်ဝအောင် လေ့ကျင့်သင်ယူကြစေလိုကြောင်း၊
  • ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်တဲ့နေရာမှာ စိတ်ဓာတ်၊ စည်းကမ်း၊ စေတနာ ကောင်းထားကြဖို့လိုကြောင်း၊
  • မိမိတို့လုပ်ငန်းများကို ဆောင်ရွက်ရာတွင် သိက္ခာရှိစွာ ဖြောင့်ဖြောင့်မတ်မတ် ဆောင်ရွက်ကြဖို့လိုကြောင်း၊
  • စစ်ဆေးရေးအရည်အသွေးများ အမြဲတိုးတက်ရှင်သန်နေအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ မှာကြားလိုကြောင်း လမ်းညွန်ခဲ့ပါသည်။

၄။     အခမ်းအနားကို နေ့လည် ( ၂  း ၀၀ ) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။