ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်-၃ ဝန်ထမ်းများ၏ ထူးတိုးမြှင့်ရေးအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းထုတ်ပြန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်အမှတ် ၊  ၁   /၂၀၁၇

၁၃၇၉ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်

(၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်)

 

စာရင်းစစ်-၃ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေးအတွက် လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းထုတ်ပြန်ခြင်းနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

၁။         ဤရုံးနှင့်ဒေသစာရင်းစစ်ရုံးများတွင်တာဝန်ထမ်းဆောင်လျှက်ရှိသောစာရင်းစစ်-၃ဝန်ထမ်းများ၏ရာထူးတိုးမြှင့် ရေးအတွက်ရေးဖြေစာမေးပွဲကို ၃၀-၇-၂၀၁၇နေ့တွင်ကျင်းပခဲ့ပြီး လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းကို ၂၁-၉-၂၀၁၇ နေ့တွင်ထုတ်ပြန်ခဲ့ပါသည်။

၂။         လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်းထုတ်ပြန်ခြင်းနှင့်စပ်လျဉ်း၍ လူမှုှုကွန်ယက်တစ်ခုဖြစ်သည့် ဖေ့စ်ဘုတ်တွင် ဤရုံးနှင့်ရုံး၏တာဝန်ရှိပုဂ္ဂိုလ်များဂုဏ်သရေပျက်ယွင်းညှိုးနွမ်းစေမည့် ပြဌာန်းထားသည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ ဝန်ထမ်းနည်းဥပဒေများပါ ရာထူးတိုးမြှင့်ခြင်းပြဌာန်းချက်များနှင့် ကိုက်ညီမှုမရှိသည့် ထင်မြင်ယူဆချက်များကို တင်လာကြသည်ကို တွေ့ရှိရပါသည်။

၃။         ဤရုံးသည် ရာထူးတိုးမြှင့်ရေးကိစ္စများကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများထုတ်ပြန်ခြင်း မပြု မီက မြို့ပြဝန်ထမ်းစည်းမျဉ်း၊ မူလအခြေခံနည်းဥပဒေ၊ နိုင်ငံတော်ကောင်စီရုံးကထုတ်ပြန်ခဲ့သည့်ဝန်ထမ်းစည်းမျဉ်းကောက်နုတ် ချက်ပါ ပြဌာန်းချက်များ အညီလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ ထုတ်ပြန်ပြီးသည့် နောက်တွင်လည်း ၎င်းဥပဒေ၊ နည်းဥပဒေများပါ ပြဌာန်းချက်များနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များ အညီလည်းကောင်း စနစ်တကျဆောင်ရွက်ပါသည်။

၄။         ဤရုံး၏စီမံခန့်ခွဲမှု အစီအမံအရ သင့်လျော်သည့် ရာထူးလုပ်သက် သတ်မှတ်၍ ရာထူးတိုးရေးဖြေစာမေးပွဲ ကိုဖြေဆိုခွင့်ပြုခဲ့ပါသည်။ ထိုသို့သတ်မှတ်ရာတွင် စာရင်းစစ်-၃ ဝန်ထမ်းများအတွက် လက်မှတ်ရပြည်သူ့စာရင်းကိုင် ဘွဲ့ဖြစ်ပါက ၂ နှစ်၊ ဝါဏိဇ္ဇဘွဲ့ရဖြစ်ပါက ၃ နှစ်၊ အခြားဘွဲ့ရဖြစ်ပါက ၄ နှစ် အသီးသီးသတ်မှတ်ခဲ့ခြင်းများ ရှိခဲ့ပါသည်။ ထို့နောက်ပိုင်းတွင်ဘွဲ့အမျိုးအစားခွဲခြားသတ်မှတ်ခြင်းမပြုတော့ဘဲတစ်ပြေးညီရာထူးလုပ်သက် ၃ နှစ်ရှိပါကရာထူးတိုး ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ပြုခဲ့ပါသည်။

၅။         နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၃၃ ဇယား (၁) ရာထူးသက်သတ်မှတ်ချက်နှင့်အညီ စာရင်းစစ်-၃ လစာနှုန်းထားနှင့်ညီမျှသည့် ရာထူးလုပ်သက် ၂ နှစ်ရှိသူများကို ရေးဖြေစာမေးပွဲဖြေဆိုခွင့်ပြုခဲ့ပါသည်။

၆။         ထို့အပြင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၅(ခ) တွင် “ရာထူးအဆင့်၏ လုပ်ငန်းသဘာဝအလိုက် ရေးဖြေစာမေးပွဲကိုဖြစ်စေ၊ လက်တွေ့လုပ်ငန်းအရည်အချင်း စစ်ဆေးခြင်းကိုဖြစ်စေ ပြုလုပ်ရန်မလိုအပ်ပါက လူတွေ့စစ်ဆေး၍ အရည်အချင်း အကဲဖြတ်အမှတ်ပေးခြင်းနည်းကို အသုံးပြုစစ်ဆေးရမည်။” အစား ၂၀၁၇ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့်  နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ၊ နည်းဥပဒေ ၇(က) တွင် “ရာထူးအဆင့်၏ လုပ်ငန်းသဘာဝအလိုက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်း သို့မဟုတ် ရေးဖြေစာမေးပွဲနှင့် လက်တွေ့လုပ်ငန်းကျွမ်းကျင်မှုနှစ်ရပ်စလုံးဖြင့်စစ်ဆေးခြင်းတို့ကိုပြုလုပ်၍ လူတွေ့စစ်ဆေးပြီး အရည်အချင်း အကဲဖြတ်အမှတ်ပေးခြင်း တို့ကို ပြုလုပ်ရမည်။” ဟု ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။

၇။         ထို့အတွက်ကြောင့်  ရာထူးတိုးမြှင့်ရေးအတွက် ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို မလွဲမသွေဆောင်ရွက်ရမည် ဖြစ်ပါသည်။

၈။         စာရင်းစစ်-၃ များအား ရာထူးတိုးမြှင့်ပေးရေးအတွက်ဆောင်ရွက်ခဲ့သည့်အကြိမ်တိုင်း ရေးဖြေစာမေးပွဲကျင်းပ ခဲ့ပြီး ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့ဖြေဆိုခွင့် ရရှိသူများအဖြစ် ထုတ်ပြန်ခဲ့ပါသည်။

၉။         ထို့ပြင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၈(က)တွင် “ လူတွေ့စစ်ဆေးခြင်းကို နည်းဥပဒေ ၂၉ ပါ နည်းလမ်းတစ်ရပ်ရပ်ဖြင့် စစ်ဆေးခြင်းအတွက် အမှတ်ပြည့် ၁၀၀၊ အကဲဖြတ်အမှတ်ပေးခြင်းအတွက် အမှတ်ပြည့် ၁၀၀ ပေးထားသည့်အနက် အနည်းဆုံးအမှတ် ၄၀ စီ ရရှိသူများအား ပြုလုပ်ပေးရမည် ” ဟုပြဌာန်းထားပါသည်၊

၁၀။       ၃၀-၇-၂၀၁၇ နေ့တွင်ကျင်းပခဲ့သည့် စာရင်းစစ်-၃ ဝန်ထမ်းများ၏ ရာထူးတိုးမြှင့်ရေး ရေးဖြေစာမေးပွဲတွင် ဖြေဆိုခွင့်ရှိသူ စုစုပေါင်း ၂၇၆၃ ဦးရှိပြီး ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ၂၂၄၄ ဦး ရှိပါသည်။  ဝင်ရောက်ဖြေဆိုသူများ အနက် စာမေးပွဲအောင်မြင်သူ ၂၀၄ ဦးကိုသာ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၃၈(က)နှင့်အညီ လူတွေ့ဖြေဆိုခွင့် ရရှိသူများအဖြစ် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

၁၁။       ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို စစ်ဆေးရေးဦးစီးဌာနနှင့် စီမံရေးရာ၊လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန ဟု ခွဲခြားပြီးနောက်ပိုင်း ရာထူးတိုးရေးဖြေစာမေးပွဲမေးခွန်း၏ စုစုပေါင်းပေးမှတ် ၁၀၀ အတွက် စစ်ဆေးရေးဦးစီးဌာနက အမှတ် ၅၀၊ စီမံရေးရာ၊လေ့ကျင့်ရေး နှင့်သုတေသနဦးစီးဌာနက အမှတ် ၅၀ ခွဲခြားပြီး မေးခွန်းလွှာပြုစုခြင်း၊ အဖြေ လွှာစစ်ဆေးခြင်းများ စနစ်တကျဆောင်ရွက်ပါသည်။

၁၂။       ရေးဖြေစာမေးပွဲမေးခွန်းသည် စာတွေ့နှင့်လက်တွေ့ပေါင်းစပ်ထားသည့် စာရင်းစစ်တစ်ဦး သိသင့်သိထိုက် သည့်အချက်အလက်များကို မေးမြန်းထားသည့်မေးခွန်းဖြစ်၍ ရာထူးလုပ်သက် နုရင့်မရွေး ဖြေဆိုနိုင်သည့် မေးခွန်းဖြစ် ပါသည်။

၁၃။       ရာထူးတိုးမြှင့်ရေးကိစ္စကို ပြည်ထောင်စုစာရင်းစစ်ချုပ်၏ လမ်းညွှွှန်မှုကိုခံယူပြီး တိုးမြှင့်ခန့်ထားမည့်ရာထူး တာဝန်ကိုနိုင်နင်းစွာ ထမ်းဆောင်နိုင်စွမ်း ရှိ မရှိ အရည်အချင်းစစ်ဆေးရေးအဖွဲ့ဖြင့် စနစ်တကျဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၁၄။       ဝန်ထမ်းများ၏ စွမ်းဆောင်မှုအရည်အချင်းကိုလိုက်၍ ရာထူးတိုးမြှင့်ပေးခြင်း (Performance and Promotion)  လုပ်ငန်းစဉ် အရ ဝန်ကြီးဌာနအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်းများ၏ အရည်အချင်းပေါ်မူတည်၍ သတ်မှတ်ပြဌာန်းထားသည့်အတိုင်း ရာထူးတိုးမြှင့်ပေးခြင်းရှိမရှိ စောင့်ကြည့်လေ့လာ စိစစ်ရန်မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းစဉ်တွင် ပါဝင်ပါသည်။

၁၅။       ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ ၁၃ တွင် “ပြည်ထောင်စုရာထူးဝန်အဖွဲ့သည်ဝန်ထမ်းများနှင့် ပတ်သက်သည့်လိုအပ်သောအချက်အလက်များကို သက်ဆိုင်ရာဝန်ထမ်းအဖွဲ့များထံမှ တောင်းခံခွင့်ရှိပါသည်“ ဟု ပြဌာန်းထားပါသည်။ ထိုပြဌာန်းချက်အရ ဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသော ဝန်ထမ်း များအားရာထူးတိုးမြှင့်ပေးရာတွင်သတ်မှတ်ပြဌာန်းထားသည့်အတိုင်းဆောင်ရွက်မှု ရှိမရှိစိစစ်ရန်တန်းစီဇယားများအား တောင်းခံလျှက်ရှိရာ ပထမအဆင့်အနေဖြင့် ဒုတိယညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးများအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ၁၄-၆-၂၀၁၆ ရက်စွဲပါဖြင့် တောင်းခံခဲ့ပြီးဖြစ်ပါသည်။

၁၆။       သို့ပါ၍ ဤရုံးအနေဖြင့် ရာထူးတိုးမြှင့်ပေးခြင်းကိစ္စရပ်များကို နိုင်ငံ့ဝန်ထမ်းဥပဒေ၊  နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များပါ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

နေပြည်တော်

၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်