OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို အောက်တိုဘာ(၁)ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်က ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေအရ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် နိုင်ငံတော်၏ အရ၊ အသုံးစာရင်းများကို စစ်ဆေးလျှက်ရှိကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ စာရင်းစစ်အဖွဲ့များက စာရင်းများကို စစ်ဆေးလျှက်ရှိရာတွင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများအားလုံးတို့၏ တူညီသော ရည်မှန်းချက်မှာ နိုင်ငံသူ နိုင်ငံသားအားလုံးကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြခြင်းသာ ဖြစ်သည်ဟု ခံယူထားရမည်ဖြစ်ကြောင်း။
ခွဲဝေပေးထားသည့် နိုင်ငံတော်ဘဏ္ဍာငွေများ၊ ပြည်သူ့ဘဏ္ဍာငွေများကို မှန်ကန်စွာသုံးစွဲခြင်း၊ ရသင့်ရထိုက်သည့် ဘဏ္ဍာငွေများကို ရရှိအောင် ဆောင်ရွက်ခြင်းတို့ကို စာရင်းစစ်ဆေးပေးရခြင်းဖြစ်ကြောင်း၊ စာရင်းစစ်အဖွ့ဲများကလည်း မှန်ကန်သော စာရင်းဇယားများ ဖော်ထုတ်ခြင်း၊ ထောက်ပြခြင်း၊ တည့်မတ်ပေးခြင်းတို့ကို ပြုလုပ်ပေးရန်ဖြစ်ကြောင်း၊ ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်း မျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်း ရှိ၊မရှိကို စာရင်းစစ်ဆေး ဖော်ထုတ်ပေးရခြင်း ဖြစ်ကြောင်း စာရင်းစစ်ဆေးရသည့် လုပ်ငန်းတာဝန်ကို Procedure အတိုင်း ဆောင်ရွက်ရန်၊ စာရင်းစစ်များ၏ ကျင့်ဝတ် (Ethic) ကို လိုက်နာစောင့်ထိန်းရန်ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် စာရင်းစစ်ဆေးတွေ့ရှိမှု များကို ရှင်းလင်းဆွေးနွေးကြပြီး စာရင်းစစ်ဆေးတွေ့ရှိချက်များမှ သုံးသပ်ချက်များ ဖော်ထုတ်၍ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပို၍ပီပြင်စွာ ၊ ရှင်းလင်းစွာ၊ ပွင့်လင်းထင်သာမြင်သာရှိစွာ ဆောင်ရွက် နိုင်ရေးအတွက် မှတ်သားဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက်အထိ ကျင်းပမည် ဖြစ်ပါသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် UNFPA ဌာနေကိုယ်စားလှယ်တွေ့ဆုံ

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်အား UNFPA ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Ms. Janet E.Jackson ဦးဆောင်သည့် အဖွဲ့သည် ၂၅-၉-၂၀၁၃ နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် စာရင်းစစ်ဆေးရေး လုပ်ငန်းများကို အပြည်ပြည် ဆိုင်ရာ စာရင်းစစ်စံနှုန်းများအတိုင်း ဆောင်ရွက်လျှက်ရှိမှု၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ စစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ပုံအကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများတွင် အားနည်းချက်များ တွေ့ရှိရပါက ချက်ချင်း အရေးယူဆောင်ရွက်နိုင်ရန် Management Letter ထုတ်ပြန်လေ့ရှိသည့် အကြောင်း၊ Donor Countries များမှ လှူဒါန်းငွေများအတွက် Implementing Partners များ ဖြစ်သည့် ကျန်းမာရေး ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန သုံးခု၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်များကို အကဲဖြတ်ရန်ရှိမှု၊ ယင်းသို့ပြုလုပ်ရာတွင် United Nations Internal Auditor များဖြင့် ပြုလုပ်ထားရန် စီစဉ်ထားမှုနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ်အား ဧည့်အဖွဲ့လာရောက်တွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်နှင့် Institute of Chartered Accountants in England and Wales (ICAEW) အဖွ့ဲမှ Dr.Mark Campbel, Head of Capacity Building ဦးဆောင်သည့် အဖွဲ့သည် စက်တင်ဘာလ (၁၂) ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံပြီး မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေ (၁၉၉၄) ကို အပြည်ပြည်ဆိုင်ရာ စံနှုန်းများအတိုင်း ပြည့်စုံမှုရှိအောင် ပြန်လည် ပြင်ဆင်ရေးဆွဲနေမှု၊ ဥပဒေပထမမူကြမ်းကို MICPA အဖွဲ့ဝင်များထံသု့ိ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ပထမပတ်မတိုင်မီ ချပြပေးပြီး အကြံပြုချက်များ ရယူရန် စီစဉ်ထားမှု၊ Three Years Project ဆောင်ရွက်ရန်ရှိမှု၊ MICPA နှင့် ပူးပေါင်းလျက် စာရင်းစစ်အရည်အသွေး မြှင့်တင်ရေးဆိုင်ရာသင်တန်းများကို စီစဉ်ဆောင်ရွက်ခြင်း၊ အတွေ့အကြုံများ ဖလှယ်ခြင်း၊ သင်တန်းများအတွက် နည်းပညာနှင့် ငွေကြေးအကူအညီပေးခြင်း၊ မကြာခဏလာရောက်တွေ့ဆုံဆွေးနွေးခြင်း၊ MICPA ၏ ပုဂ္ဂလိက စာရင်းစစ်လုပ်ငန်းများ အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်လုပ်ငန်းများအတွက်လည်း အကူအညီ ပေးခြင်း ဆောင်ရွက်သွားရန် ရှိမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်အား အမေရိကန်နိုင်ငံ USAID မှ Project Director ဖြစ်သူ Mr.Nathan R.Kline ဦးဆောင်သည့် စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဥပဒေနှင့် အဖွဲ့အစည်းများပြောင်းလဲရေး အကဲဖြတ်စိစစ်ရေးအဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်အား အမေရိကန်နိုင်ငံ USAID မှ Project Director ဖြစ်သူ Mr.Nathan R. Kline ဦးဆောင်သည့် စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဥပဒေနှင့် အဖွဲ့အစည်းများ ပြောင်းလဲရေး အကဲဖြတ်စိစစ်ရေးအဖွဲ့ (Agriculture, Commercial, Legal, Institutional Reform-AgCLIR Assessment Team)က ၁၃-၈-၂၀၁၃ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁း၁၅ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းခန်းမတွင် လာရောက် တွေ့ဆုံပါသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က တည်ဆဲဥပဒေအရ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စာရင်းစစ်ချုပ်များ၏ တာဝန်များ၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြမှုဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ Capacity Building အတွက် လေ့ကျင့်သင်ကြားမှု အစီအစဉ်များနှင့် ဖွံ့ဖြိုး လာမည့် Capital Market အတွက် လိုအပ်သော ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ Mr.Kline မှ ၎င်းတို့သိလိုသည်များကို ဆွေးနွေးခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့မှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဂျာမဏီနိုင်ငံ GIZ နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့တွေ့ဆုံပွဲ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်အား ဂျာမဏီနိုင်ငံ GIZ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ Head of Project ဖြစ်သူ Mr.Thomas Foerch ဦးဆောင်သည့် အဖွ့ဲက ၂-၉-၂၀၁၃ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီမှ ၁၂း၃၅ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမတွင် လာရောက် တွေ့ဆုံပါသည်။
၂။ ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်း အတွက် ဝမ်းမြောက်ပါကြောင်း၊ ဆွေးနွေးမည့် အနာဂတ်ကာလအကူအညီနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်များကို သိရှိလိုပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် စာရင်းစစ်ဆေးရေးနည်းပညာရပ်များ တိုးတက်အောင် ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ စာရင်းစစ်စံနှုန်းများအတိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၃။ GIZ အဖွဲ့က စာရင်းကိုင်နှင့် စာရင်းစစ်ပညာသည် အရေးကြီးပါကြောင်း၊ ၂၀၁၃ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးချက်အရ မြန်မာနိုင်ငံ စာရင်း ကောင်စီ ဥပဒေအကြောင်း သိရှိထားကြောင်း၊ တည်ဆဲ ဥပဒေထက်ပိုပြည့်စုံသော ဥပဒေပေါ်ပေါက်ရေး မှာ အချိန်အတိုင်းအတာ လိုအပ်ကြောင်း၊ ၎င်းတို့မှ ကူညီဆောင်ရွက်လိုပါကြောင်း၊ ဥပဒေအသစ်တွင် စာရင်းစစ် ဝန်ထမ်းများ၏ Capacity Building ဆိုင်ရာကိစ္စလည်း ပါဝင်နိုင်မည်ဖြစ်၍ အကူအညီပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။
၄။ ပြည်ထောင်စုစာရင်းစစ်ချုပ်က ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း၊ ဘက်စုံထောင့်စုံပြည့်စုံသည့် ဥပဒေဖြစ်ပေါ်လာရေးအတွက် ဒုတိယ စာရင်းစစ်ချုပ်က ဦးစီးသော အဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမမူကြမ်းကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ကုန်လောက်တွင် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း ပြောကြားရာ GIZ အဖွဲ့က ဥပဒေမူကြမ်းရေးဆွဲရာတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးလိုပါကြောင်း၊ မူကြမ်းနှင့် တစ်ပြိုင်နက်တည်း ဥပဒေအသစ်ကို လိုက်နာကြစေရန်အတွက် Action Plan လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ Action Plan အတွက်လည်း အကူအညီပေးလိုပါကြောင်း ဆွေးနွေးခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါ သည်။
၅။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယ စာရင်းစစ်ချုပ်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။
၆။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမတွင် Mr.Thomas Foerch ဦးဆောင်သော အဖွဲ့နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အရာထမ်း (၂၀) ယောက်တို့သည် ၂.၉.၂၀၁၃ ရက်နေ့မှ ၃.၉.၂၀၁၃ ရက်နေ့ အထိ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။

စာရင်းစစ်အရာရှိ၊မြို့နယ်စာရင်းစစ်အရာရှိများ အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၃)ကျင်းပ

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်အရာရှိ၊မြို့နယ်စာရင်းစစ်အရာရှိများ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ် (၃/၂၀၁၃) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၂)ရက်၊နံနက် ၁၀ :၀၀ နာရီတွင် ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများကျင်းပရခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အလိုက် စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် မြို့နယ်အလိုက် စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်နေသည့် မြို့နယ်စာရင်းစစ်အရာရှိများ၊ ဦးစီးဌာနများနှင့် လုပ်ငန်းဌာနများ၊ စာရင်းများကို စစ်ဆေးနေသည့် စာရင်းစစ်အရာရှိများမှ မြို့နယ်အလိုက်၊ ဌာနအလိုက် စာရင်း စစ်ဆေးတွေ့ရှိချက်များ၊ ထူးခြားသည့် စာရင်းစစ်ဆေးတွေ့ရှိချက်များကို ဆွေးနွေးရေး၊ အတွေ့အကြုံများမှ အားသာချက် အားနည်းချက်များကို ဖော်ထုတ်၍ မှတ်သားရယူနိုင်ရေး၊ ဥပဒေအရဆောင်ရွက်ရန် အချက်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ မှာကြားလိုသည့် အချက်များ မှာကြားနိုင်ရေးအတွက် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းစစ်အရာရှိများ၊ မြို့နယ်စာရင်းစစ်အရာရှိများသည် မိမိတို့ စာရင်းစစ်ဆေးရမည့် ဌာနအလိုက် ထူးခြားသည့် စာရင်းစစ်ဆေးတွေ့ရှိချက်များကို အပြု သဘောဆောင်၍ အားသာချက် အားနည်းချက်များအား အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေး ကြရန်ဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှလည်း ၂၀၁၂-၂၀၁၃ ဒုတိယ (၆) လပတ် ဘဏ္ဍာငွေအရအသုံးစာရင်းများကို စစ်ဆေးလျက်ရှိကြရာတွင် အလေးထားဆောင်ရွက်သင့်သည့် အချက်များကို ပါဝင်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ စာရင်းစစ်အဖွဲ့များ၏ စာရင်းစစ်ဆေးမှုများကို ပြုလုပ်ရာတွင် အပြည်ပြည်ဆိုင်ရာ စာရင်းစစ်စံနှုန်းများနှင့်အညီ ဆောင်ရွက်ခြင်း၊ စာရင်းစစ်ကျင့်ဝတ်များကို တိကျစွာ လိုက်နာခြင်း၊ အထောက်အထားပြည့်စုံစွာဖြင့် ဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဥပဒေအရ သတ်မှတ်ထားသော စာရင်းစစ် လုပ်ငန်းများကိုသာ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ စာရင်းကိုင်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန် ဖြစ်ကြောင်း၊ မည်သည့်အဖွဲ့အစည်းက ဖြစ်စေ စာရင်းကိုင်လုပ်ငန်းများ လုပ်ငန်းများ ဆောင်ရွက်ပေးရန် တာဝန် ပေးအပ်လာပါက မိမိတို့သည် စာရင်းစစ်များသာ ဖြစ်ကြောင်း၊စာရင်းကိုင်နှင့် စာရင်းစစ်သည် တစ်ဖွဲ့တည်းမဖြစ်ရပါဟု တိကျစွာ သတ်မှတ်ထားပါကြောင်း ဖော်ပြ၍ စာရင်းစစ်တာဝန်များကိုသာ ပေးအပ်ပါရန် ဖော်ပြရှင်းလင်းသွားရန် ဖြစ်ပါကြောင်း၊ စာရင်းစစ်အဖွဲ့များ၏ စာရင်းစစ်ဆေးပေးရမည့် အဖွဲ့အစည်းနှင့် လုပ်ငန်းပမာဏမှာ ပို၍ ပို၍များလာနေသဖြင့် သတ်မှတ်ပေးထားသည့် စာရင်းစစ်ဆေးရေး လုပ်ငန်းတာဝန်များကိုသာ ပီပြင်စွာ၊ကျေပွန်အောင် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ အခြားသော မသက်ဆိုင်သည့် လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် မလိုလားအပ်သော အထင်အမြင်လွဲမှားမှု ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်သည်ကို သတိပြုကြရန်ဖြစ်ကြောင်း ပြောကြားသည်။
အထက်ပါအခမ်းအနားသို့ ဒုတိယ စာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများ၊ စာရင်းစစ် အရာရှိ၊မြို့နယ်စာရင်းစစ်အရာရှိ ၁၄၅ ဦးတက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၅ ရက်နေ့အထိ ကျင်းပခဲ့သည်။

စာရင်းစစ်အရာရှိ၊မြို့နယ်စာရင်းစစ်အရာရှိများ အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၁၃)ကျင်းပ

စာရင်းစစ်အရာရှိ/ မြို့နယ်စာရင်းစစ်အရာရှိများ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၂/၂၀၁၃)ဖွင့်ပွဲ ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမတွင် (၂၆.၈.၂၀၁၃)ရက်နေ့ ၁၀း၀၀နာရီတွင် ဖွင့်လှစ်ခဲ့ရာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ကလုပ်ငန်းအဖွဲ့အစည်း များအားလုံးတို့သည် ပြည်သူလူထု၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန် မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေကြသည်ဖြစ်ရ၊ မိမိတို့၏ တာဝန်မှာ ယင်းသို့လုပ်ငန်းများဆောင်ရွက်ရာ တွင် ပြည်သူ့ဘဏ္ဍာရန်ပုံငွေများကို သုံးစွဲဆောင်ကြရသည့် လုပ်ငန်းစဉ်များအားလုံးသည် ဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းစစ်ဆေးခြင်း၊ ရငွေများကို ပြည့်ဝစွာရရှိစေရန် ဆောင်ရွက်ထားခြင်းရှိမရှိ စစ်ဆေးခြင်း၊ သုံးစွဲခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာအသုံးပြုမပြုစစ်ဆေးခြင်း၊ နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အခများနှင့် စပ်လျဉ်း၍ ထပ်မံစစ်ဆေးရန်လိုအပ်ပါက စစ်ဆေးခြင်း၊ အပြုသဘောဆောင်သော လွဲမှားမှုများကို တည့်မတ်ပေးခြင်း၊ မသမာမှု၊ အလွဲသုံးမှုများကို ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းစစ်ဆေးရမည့် ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား စစ်ဆေးရာတွင် အဆင့်ဆင့်သော စာရင်းစစ်ရုံးအားလုံး၏ တာဝန်မှာ တပြေးညီဖြစ်ကြောင်း၊ ချိန်းကြိုးတစ်ခုမှာ ပါဝင်သော ကွင်းဆက်တိုင်း တန်းတူညီမျှ အရေးကြီးသလို ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေအရ တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် သတ်မှတ်ဖွဲ့စည်းထားခြင်းသည် ကွင်းဆက်သဘောဖြစ်ပြီး၊ ကွင်းဆက်တိုင်း တူညီစွာ အရးကြီးကြောင်း၊ စာရင်းစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ပြီး၊ တွေ့ရှိရသော ချို့ယွင်းချက်များ၊ ပြုပြင်သင့်သော အားနည်းချက်များနှင့် အားသာချက်များ စသည်တို့ကိုပါ သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံဆွေးနွေး ဖော်ပြသုံးသပ်အကြံပြုမှသာ စာရင်းစစ်ဆေးလိုက်သည့် လုပ်ငန်း၏ တိုးတက်မှုကို အကျိုးသက်ရောက်စေနိုင်မည်ဖြစ်ပါကြောင်း၊ ဤအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အလိုက် စာရင်းစစ်ဆေး တွေ့ရှိမှုများကိုပွင့်လင်း စွာ ဆွေးနွေးကြရန်၊ ပြည်သူလူထုကို အခြေပြုသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ စာရင်းစစ်ဆေးရေးလုပ်ငန်းများကို ပွင့်လင်းထင်သာမြင်သာစွာဖြင့် အတွေ့အကြုံများ ဖလှယ်ရယူကြရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ စာရင်းစစ်အရာရှိ/ မြို့နယ်စာရင်းစစ်အရာရှိ (၁၁၃) ဦးတို့ တက်ရောက်ပါဝင်ဆွေးနွေး ခဲ့ကြသည်။

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၁၉) သင်တန်းဖွင့်ပွဲ

၁။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့ ၁၀:၀၀ နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၂၁၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၉၇) ဦး တက်ရောက်ကြပါသည်။

၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် က အောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည် -
- ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဤရုံး၊ သင်တန်းကျောင်းမှ သင်တန်း (၃) မျိုး ဖွင့်လှစ်ပေးခဲ့ရာ အဆင့်မြင့်နှင့် အလယ်အလတ်အဆင့် သင်တန်းများမှာ Management Level သင်တန်းများ ဖြစ်ပြီး ယခု ဖွင့်လှစ်တဲ့ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းသည် (၂၁၉) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း
- နိုင်ငံရေးအုပ်ချုပ်မှု စနစ်များ၊ လုပ်နည်းလုပ်ဟန်များပြောင်းလဲလာပြီဖြစ်၍ စနစ်တကျ လုပ်ငန်းများ ဆောင်ရွက်တတ်အောင် ၊ ဘဏ္ဍာရေးစည်းမျဉ်းမကျနသည့် ကိစ္စများ မပေါ်ပေါက်အောင် သို့မဟုတ် အနည်းဆုံးဖြစ်အောင် ဤရုံးမှ သင်တန်းများ ဖွင့်လှစ်ပေးနေခြင်း ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် မိမိတို့ အရည်အသွေး တိုးတက်လာစေပြီး မိမိတို့ Service ပေးနေသော ဌာနများကို တာဝန်ကျေသော ဝန်ထမ်းများဖြစ်အောင် အပတ်တကုတ် ကြိုးစားကြရန်း လိုအပ်ကြောင်း

၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀: ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်း ကိုင်များအသင်းပောာပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း MICP နှင့် The Association of Chartered Certified Accountants (ACCA) တို့ ပူးပေါင်းကျင်းပ သည့် Myanmar Financial Leaders Summit ကို (၄.၈.၂၀၁၃) နေ့ နံနက် ၈ နာရီ တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ကျင်းပရာ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့ စာရင်းကိုင်များအသင်း နာယကများဖြစ်ကြသော မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်နှင့် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဌ ဦးမျိုးမြင့်၊ACCAမှကိုယ်စား လှယ်များ၊  မြန်မာနိုင်ငံစာရင်း ကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်း အလုပ်အမှူဆောင် ကော်မတီဝင်များနှင့် အသင်းဝင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဌက နှူတ်ခွန်းဆက် စကား ပြောကြားပြီး Mr. Reza Ali (Head of Emerging Markets-Asia) ACCA က The Role of Finance Professionals in Building a Strong and Sustainable Economy ခေါင်းစဉ်ဖြင့်လည်းကောင်း၊Mr.James Lee (ACCA Council Member) က Finance Leader in the 21th Century ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Panelists များအဖြစ်ဦးသန်းလွင်(ဒုတိယ ဥက္ကဌ၊ ကမ္ဘောဇဘဏ် လီမီတက်)၊  ဒေါက်တာ မောင်မောင်လေး  (ဒုတိယ ဥက္ကဌ၊UMFCCI)၊ Mr.Ahmadi Hadibroto (Board Member, International Federation of Accountants)၊ Mr.Datuk Nur Jazlan (Chairman of Public Accounts Committee, Malaysia)၊ Mr.James Lee (ACCA Council Member) တို့ က လည်းကောင်း၊ Moderator အဖြစ် Mr. Reza Ali ကလည်းကောင်း ဆောင်ရွက်ပြီး Creating Access to Finance ခေါင်းစဉ်ဖြင့် လည်းကောင်း၊Mr.Jovi Seet (Senior Executive Director, PWC Myanmar Co.,Ltd.) က Building Capital Markets ခေါင်းစဉ်ဖြင့်လည်းကောင်း၊Mr. Datuk Nur Jazlan (Chairman of Public Accounts Committee, Malaysia) က Effective Public Financial Management and the Role of the Accountancy Profession ခေါင်းစဉ်ဖြင့် လည်းကောင်း၊Mr. Ahamadi Hadibroto (Board Member, International Federation of Accountants) နှင့် ပါမောက္ခဦးမော်သန်း (မြန်မာနိုင်ငံစာရင်းကောင်စီဝင်)တို့က Developing Finance Talent ခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောခဲ့ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအလုပ်ရုံ ဆွေးနွေးပွဲ အမှတ်စဉ်(၁/၂၀၁၃)ဖွင့်ပွဲအခမ်းအနား

၁။ စစ်ဆေးရေးတာဝန်များကိုဆောင်ရွက်ရာတွင် အပြုသဘောဆောင်သည့်စိတ်ထား၍ လုပ်ထုံး လုပ်နည်းသတ်မှတ်ချက်များနှင့်အညီဆောင်ရွက်ခြင်း၊ တွေ့ရှိချက်များကိုတိကျမှန်ကန်စွာ ဖော်ပြခြင်း၊ တာဝန်ရှိသူများ နှင့်ဆွေးနွေးခြင်း၊ ပြုပြင်ရန်လိုအပ်သည်များကိုဖော်ပြ ပေးခြင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများကိုသတ်မှတ်ချက် နှင့်အညီစနစ်တကျအလေ့အလွင့်မရှိသုံးစွဲခြင်း၊ နိုင်ငံတော်မှရရန်ရှိ သည်များကို အပြည့်အဝရရှိအောင် ဆောင်ရွက်ခြင်းတို့ကို စစ်ဆေးပေးသွားရန်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဌာန်းချက်များအရ ဆောင်ရွက်ရာတွင်ပွင့်လင်းမြင်သာရှိအောင် ဆောင်ရွက်ကြပြီး မိမိ၏လုပ်ငန်း၊ မိမိ၏တာဝန်များကို တာဝန်ခံပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ဌာနအသီးသီးမှ ပြည်သူ့ဘဏ္ဍာ များတာဝန်ခံပြီး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ဌာနအသီးသီးမှ ပြည်သူ့ဘဏ္ဍာ များစနစ်တကျသုံးစွဲခြင်းနှင့် ပတ်သက်၍ စာရင်းစစ်ဆေးမှု များကို ဆောင်ရွက်ပေးရသည့် အဖွဲ့ အစည်းဖြစ်ပါကြောင်း၊ ပြည်သူလူထုကိုအခြေပြုသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရရှိရေး ဆောင်ရွက် ကြရာတွင်ထိတွေ့ပြုမူဆက်ဆံပြောဆိုကြသည်မှစ၍ စာရင်းစစ်ဂုသိက္ခာ၊ ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်ကြပြီး တစ်ဦးချင်းအရည်အသွေး၊ အရည်အချင်း ပိုမို တိုးတက်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်းဖြင့် မြို့နယ်အလိုက်စာရင်းစစ် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်အောင် အတွေ့အကြုံများဖလှယ်ရေး၊ မူဝါဒ၊ လုပ်ထုံး လုပ်နည်းများ၊ ဘဏ္ဍာရေးစည်းမျည်းကို မှန်ကန်စွာဆောင်ရွက်နိုင်ရေးတို့အတွက်ယခုကဲ့သို့ အလုပ် ရုံဆွေးနွေးပွဲများကိုကျင်းပရခြင်းဖြစ်ကြောင်းတို့ကိုယနေ့နံနက်၁၀း၀၀နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး အစည်းအဝေး ခန်းမ၌ စာရင်းစစ်အရာရှိ/ မြို့နယ်စာရင်းစစ်အရာရှိများအလုပ်ရုံဆွေးနွေး ပွဲ အမှတ်စဉ်(၁/၂၀၁၃)ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် က ဆွေးနွေး မှာကြားခဲ့ပါသည်။
၂။ အဆိုပါ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအလုပ်ရုံ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ပြည်နယ် များ၊ မြို့နယ်များမှ စာရင်းစစ်အရာရှိနှင့် မြို့နယ်စာရင်းစစ်အရာရှိ (၁၀၈) ယောက် တို့တက်ရောက် ပါဝင်ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Pages

Subscribe to Front page feed