
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ကြီးမှူးကျင်းပသော အငြိမ်းစား ပြည်ထောင်စုစာရင်းစစ်ချုပ်များ၊ ဒုတိယစာရင်းစစ်ချုပ်နှင့် တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၊ ယခင်စာရင်းစစ်ရုံးအဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရုံးအကြီးအကဲများ၊ အသက် (၇၅) နှစ်နှင့်အထက်(ဒုတိယညွှန်ကြားရေးမှူးနှင့်အထက်) သက်ကြီးဝါကြီးဆရာသမားများအား ပူဇော်ကန်တော့သည့်အခမ်းအနားကို ၆ - ၁ - ၂၀၂၃ ရက်နေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပခဲ့သည်။
အခမ်းအနားကို အစီအစဉ် (၇) ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဉီးစွာ အခမ်းအနား စတင်ကြောင်းကြေညာပြီး ကန်တော့ခံဆရာကြီး/ ဆရာမကြီးများကို ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးက နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားသည်။
ထိုသို့ ပြောကြားရာတွင် ဂုဏ်ပြုထိုက်သောစာရင်းစစ်ချုပ်ရုံးအငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်မှစ၍ ကျင်းပခဲ့ပြီး ယခုအချိန်ထိ အစဉ်အလာကောင်းကို ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ကို များစွာကြည်နူးဝမ်းမြောက်မိပါကြောင်း၊ ကန်တော့ခံဆရာကြီး/ ဆရာမကြီးများအနေဖြင့် ပထမအကြိမ်တွင် (၆၁) ဦး၊ ဒုတိယအကြိမ်တွင် (၆၀) ဦး၊ တတိယအကြိမ်တွင် (၆၉) ဦးနှင့် ယခုစတုတ္ထအကြိမ်တွင် (၇၉) ဦး ပူဇော်ကန်တော့နိုင်ခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်းနှင့် စုပေါင်းအားဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ် ပြုပါကြောင်း၊ ဆရာဟုဆိုရာတွင် မိမိနှင့်တွေ့ကြုံခဲ့ရသည့် ဆရာမှသာ ဆရာမဟုတ်ဘဲ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများသည်လည်း ဆရာများပင် ဖြစ်ပါကြောင်း၊ ဆရာများ၏ သွန်သင်ဆုံးမမှုများသည် မည်သို့ပင်ကွာခြားစေကာမူ စေတနာကို အရင်းခံသည်သာ ဖြစ်ပါကြောင်း၊ ဆရာ့အရိပ်သည် အေးမြပြီး ဆရာ၏ ဂုဏ်ကျေးဇူးသည် ကြီးမားပါကြောင်း၊ သို့ပါ၍ ယခုကဲ့သို့ ဆရာကန်တော့ပွဲများမှတစ်ဆင့် ဆရာတို့၏ ဂုဏ်ကျေးဇူးကို သိနားလည်တန်ဖိုးထားပြီး ရိုသေလေးစား ဂါရဝပြုတတ်ခြင်း၊ နာယူမှတ်သားတတ်ခြင်းစသည့် အလေ့အထကောင်းများကို ရရှိမည် ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်၏တာဝန်များကို စာရင်းစစ်ရုံးအစဉ်အဆက် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအနေဖြင့် ခန္ဓာ့တာဝန်များကို ကျန်းမာစွာရွက်ဆောင်နိုင်ပြီး တရားဘာဝနာများ ပွားများနိုင်ကြပါစေ၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့်လည်း ယခုပြုသည့် ကုသိုလ်၏ တန်ဖိုးများကို နှလုံးသွင်းပြီး ဆရာကောင်းတပည့် ပန်းကောင်းပန်နိုင်သူများ၊ အနာဂတ်ဘဝလှပသူများ၊ လုပ်ငန်းခွင်တွင် ပျော်ရွှင်အောင်မြင်သည့်ဝန်ထမ်းကောင်းများ ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သခဲ့သည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်(ငြိမ်း) ဆရာကြီး ဦးမျိုးမြင့်နှင့် ကန်တော့ပွဲသို့ တက်ရောက်လာကြသည့် အငြိမ်းစား ဆရာကြီး/ ဆရာမကြီးများက ဩဝါဒဆုပေးနှုတ်ဆက်စကားများ ပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများကိုယ်စား အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦးက ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့သည့် အစဉ်အလာကောင်းများကို ထိန်းသိမ်း၍ ရှေ့လာမည့်နှစ်များတွင်လည်း ယခုထက် ပိုမိုကောင်းမွန်သည့်အစီအစဉ်များဖြင့် ဆက်လက်ကျင်းပနိုင်ရေး ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့်ဝန်ထမ်းများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမနှင့် စုပေါင်းခန်းမတို့မှလည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး(တာဝန်ခံ) ညွှန်ကြားရေးမှူးများ၊ ဒေသစာရင်းစစ်ရုံးဝန်ထမ်း (၃၂၈) ဦးတို့က သက်ဆိုင်ရာ ရုံးအသီးသီးတို့မှလည်းကောင်း Online မှ တက်ရောက်၍ အငြိမ်းစားဆရာကြီး/ဆရာမကြီး (၇၉) ဦးအား ကန်တော့ဂါရဝပြုခဲ့ကြပြီး ကန်တော့ခံ ဆရာကြီး / ဆရာမကြီး (၃၂) ဦးက Online ဖြင့် တက်ရောက်ခဲ့ကြသည်။



























