OFFICE OF THE AUDITOR GENERAL OF THE UNION

 

၂၈-၁၂-၂၀၂၂ ရက်နေ့တွင် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၀ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် ဒီပလိုမာစာရင်းကိုင် (Diploma in Accountancy - DA) (ဒုတိယပိုင်း) သင်တန်း၊ အမှတ်စဉ် - ၄၀ သင်တန်းဆင်းပွဲအခမ်းအနားကို ၂၈-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဘဏ္ဍာငွေစီမံခန့်ခွဲမှုခိုင်မာအားကောင်းရေးသည် အရေးပါသည့်ကဏ္ဍတစ်ရပ် ဖြစ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံ၏ဘဏ္ဍာငွေစီမံခန့်ခွဲမှုအားကောင်းပြီး စီးပွားရေးဖွံ့ဖြိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက်အရည်အချင်းပြည့်ဝသော စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများ တိုးပွားစေရန် မြန်မာနိုင်ငံစာရင်းကောင်စီကကြီးမှူး၍ ဒီပလိုမာစာရင်းကိုင်သင်တန်းများနှင့် လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းများကို  စဉ်ဆက်မပြတ်  ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။

ဒီပလိုမာစာရင်းကိုင်သင်တန်းများကို နေပြည်တော်သင်တန်းကျောင်းတွင် ၂၀၁၀ - ၂၀၁၁ ပညာသင်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုသင်တန်းသည် (၁၁) ကြိမ်မြောက် ဖွင့်လှစ်နိုင်ခဲ့သည့်သင်တန်းဖြစ်ပါကြောင်း၊ ဤသင်တန်းသည် စာရင်းကိုင်နှင့်စာရင်းစစ်ပညာကို စတင်လေ့လာသင်ယူသူများအတွက် အခြေခံကောင်းများရရှိစေပြီး စာရင်းပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည့် အရေးပါသောသင်တန်းတစ်ခုဖြစ်ပါကြောင်း။

သို့ပါ၍ သင်တန်းသားများအနေဖြင့် မိမိတို့သင်ယူလေ့လာနေသည့် ပညာရပ်များ၏ တန်ဖိုးကို သိရှိနားလည်ပြီး သင်တန်းကာလတစ်လျှောက် ဇွဲ၊ လုံ့လ၊ ဝီရိယရှိစွာဖြင့် ကြိုးစားခဲ့မှုများကို အရှိန်အဟုန် မပြတ် ဆက်လက်ကြိုးပမ်းအားထုတ်၍ ရလဒ်ကောင်းများရရှိစေရေးနှင့် နိုင်ငံတော်၏လိုအပ်ချက်များကို မိမိတို့ကျရာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်သည့် အရည်အချင်းပြည့်ဝသော စာရင်းကျွမ်းကျင်သူများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါသင်တန်းကို (၁၀) လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး နေပြည်တော်သင်တန်းကျောင်းတွင် စာသင်ခန်းတက်ရောက် (Face To Face) ဖြင့် သင်တန်းသား (၂၁) ဦး နှင့် Online ဖြင့် သင်တန်းသား (၁၄) ဦး စုစုပေါင်း (၃၅) ဦး တက်ရောက်ပြီးမြောက်ခဲ့ပြီး လာမည့်ဇန်နဝါရီလတွင်  အရည်အချင်းစစ်စာမေးပွဲ ကျင်းပသွားမည် ဖြစ်ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီအဖွဲ့ဝင်များ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။