OFFICE OF THE AUDITOR GENERAL OF THE UNION

 

၁၆-၁၂-၂၀၂၂ ရက်နေ့တွင် မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအအထိမ်းအမှတ် အခမ်းအနားကို ၁၆-၁၂-၂၀၂၂ ရက်နေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်၊ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ(၁)           ဒေါ်နိုင်သက်ဦး၊ ကာကွယ်ရေးဉီးစီးချုပ်ရုံး (ကြည်း)ညွှန်ကြားရေးမှူးချုပ်(ငွေစာရင်းရုံး)၊ ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးမှ ဧည့်သည် တော်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူးများ ၊ တပ်မတော် ကြည်း၊ ရေ၊ လေ စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ်ရုံးမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီဝင်များ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ တာဝန်ရှိသူများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက စုပေါင်းခန်းမနှင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းခန်းမမှလည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးများမှ ဝန်ထမ်းများ၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ စာရင်းပညာရှင်များနှင့် စာရင်းကျွမ်းကျင်သူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဝင်များနှင့် စာရင်းပညာစိတ်ပါဝင်စားသူများက Virtual စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီကို ၁၉၇၂ ခုနှစ်မှ စတင်၍ ကျင့်ဝတ်သိက္ခာမြင့်မားပြီး အရည်အချင်းပြည့်မီသော စာရင်းပညာရှင်များ တိုးပွားလာစေရန်၊ စာရင်းပညာရပ်များ အစဉ်တစိုက် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာစံများနှင့်အညီ လိုက်နာကျင့်သုံးနိုင်ရန်ရည်ရွယ်၍  ဖွဲ့စည်းဆောင်ရွက်လာခဲ့သည်မှာ ယခုအခါ နှစ် (၅၀) ရွှေရတုတိုင်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုအခမ်းအနားကို နှစ် (၅၀) ကာလအတွင်း မြန်မာနိုင်ငံစာရင်းကောင်စီနှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ စာရင်းပညာရှင်များ ပူးပေါင်း၍ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍနှစ်ရပ်လုံးတွင် စာရင်းပညာဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့်  ကျင်းပရခြင်းဖြစ်ပါကြောင်း။ 

ယနေ့နိုင်ငံတော်တည်ဆောက်ရေးကာလတွင် နိုင်ငံ၏ဘဏ္ဍာငွေစီမံခန့်ခွဲမှုအားကောင်းစေရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာရင်းပညာရှင်များ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ သို့ပါ၍ စာရင်းပညာရပ်များ ထွန်းကားပြန့်ပွားစေရေးနှင့် စာရင်းပညာရှင်များ ပိုမိုပေါ်ထွန်းလာစေရေးတို့အတွက် မြန်မာနိုင်ငံစာရင်းကောင်စီ၏ “စာရင်းပညာပြည့်ဝစွာဖြင့် ပျံ့သင်းဂုဏ်ရည်စာရင်းကောင်စီ” ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ စာရင်းပညာရှင်များ ပူးပေါင်း၍ သမိုင်းအစဉ်အလာကောင်းများကို နောင်ရာပြည့်နှစ်များတိုင်အောင် ဆက်လက်ထိန်းသိမ်း လက်ဆင့်ကမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်နိုင်သက်ဦးက မြန်မာနိုင်ငံစာရင်းကောင်စီ၏ နှစ် (၅၀) ပြည့် ရွှေရတုတိုင် ဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုမှတ်တိုင်များကို တင်ပြခဲ့သည်။

ယင်းနောက် မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်သီချင်း Video Clip အား ဖွင့်လှစ်ပြခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံစာရင်းကောင်စီနာယကကြီးများနှင့် ဝါရင့်စာရင်းပညာရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ဂါရဝပြုပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များသည် မြန်မာနိုင်ငံစာရင်းကောင်စီ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အနေဖြင့် ခင်းကျင်းပြသထားသည့် စာရင်းစစ်ချုပ်ရုံးသမိုင်းကြောင်းနှင့်မှတ်တမ်းများ ဓာတ်ပုံပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ လက်မှတ်ရပြည်သူ့ စာရင်းကိုင်သင်တန်း (ပထမပိုင်း၊ ဒုတိယပိုင်း) နှင့် ဒီပလိုမာစာရင်းကိုင်သင်တန်း (ပထမပိုင်း၊ ဒုတိယပိုင်း) တို့တွင် ထူးချွန်စွာအောင်မြင်သူများနှင့် ဆုရရှိသောစာတမ်းရှင်များအား ဆုချီးမြှင့်ခြင်း၊ မဂ္ဂဇင်းကလောင်ရှင်များ၊ တေးသီချင်းသီကုံးစပ်ဆိုသူ၊ မြန်မာနိုင်ငံစာရင်းကောင်စီနှစ် (၅၀)ပြည့် ဆောင်ပုဒ်ရေးသားသူ၊ Logo ဒီဇိုင်းရေးဆွဲသူနှင့် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ၊ ဆပ်ကော်မတီအသီးသီးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အထိမ်းအမှတ်လက်ဆောင်များ ပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

အခမ်းအနားတတိယပိုင်းတွင် “နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာ စံများ၏ လမ်းပြမြေပုံနှင့် မြန်မာနိုင်ငံ၌ ယင်း၏စိန်ခေါ်မှုများ”နှင့် “စာရင်းစစ်နှင့်စာရင်းကိုင်များ၏ အနာဂတ်အခန်းကဏ္ဍ” ခေါင်းစဉ်တို့ဖြင့် စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပပြီး စကားဝိုင်းဆွေးနွေးသူများအား ဂုဏ်ပြုလက်မှတ်များချီးမြှင့်ခဲ့သည်။

ယင်းနောက် ဒုတိယစာရင်းစစ်ချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနား ကို ရုပ်သိမ်းခဲ့သည်။