OFFICE OF THE AUDITOR GENERAL OF THE UNION

 

၈-၁၂-၂၀၂၂ ရက်နေ့တွင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း (Advanced Accounting and Auditing Training School) ဖွင့်ပွဲအခမ်းအနားကို ၈-၁၂-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဉီးစိုင်းလုံးဆိုင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့်  ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဒုတိယစာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးတို့က အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် သင်တန်းကျောင်းဆောင်ရှေ့မြက်ခင်းပြင်တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်တို့က သင်တန်းကျောင်းကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းများ၊ Theatre ခန်းမ၊ စာကြည့်တိုက်နှင့် သင်တန်းသားအိပ်ဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် သင်တန်းကျောင်း၊ မြေညီထပ်၊ ခတ္တာခန်းမတွင် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းသီချင်း Video Clip အား ပြသခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်က အစိုးရစာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်းကို ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအရ ခန့်အပ်ခဲ့သည့် နိုင်ငံတော်စာရင်းစစ်ချုပ်၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၀၉ ခုနှစ်တွင် နေပြည်တော်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများအတွက် ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုကို အထောက်အကူဖြစ်စေမည့် စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းများနှင့် စာရင်းပညာရပ်ဆိုင်ရာသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိပါကြောင်း၊  နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည့် အရည်အချင်းပြည့်ဝပြီး ကျင့်ဝတ်သိက္ခာမြင့်မားသည့် စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများ ပိုမိုလေ့ကျင့်မွေးထုတ်ပေးနိုင်ရန်၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍ နှစ်ရပ်လုံးအတွက် စာရင်းကိုင်နှင့် စာရင်းစစ်ပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန်နှင့် စာရင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ယခုသင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရည်အသွေးမြင့်လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည့် သင်တန်းကျောင်းကြီး ပေါ်ထွက်လာခြင်းဖြစ်သဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်၍ ဂုဏ်ယူဖွယ် မော်ကွန်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ စာရင်းပညာနှင့် စာရင်းစစ်ပညာရပ်များသာမက စာရင်းကိုင်နှင့်စာရင်းစစ်ကျင့်ဝတ်များ လိုက်နာဆောင်ရွက်ရေးနှင့် စိတ်ဓာတ်နှင့်ခံယူချက်မြင့်မားရေးတို့ကိုလည်း အလေးထား သင်ကြားပို့ချပေးလျက်ရှိပါကြောင်း၊ ဆက်လက်၍ နိုင်ငံတကာအဆင့်မီ သင်ကြားမှုနည်းစနစ် နှင့် ခေတ်မီသင်ကြားရေးပစ္စည်းများဖြင့် သင်ကြားပို့ချနိုင်ရန်အတွက်လည်း  လိုအပ်သည့် အရင်းအမြစ်များကို နှစ်စဉ် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခိုင်ခိုင်အောင်က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ၊ လက်ရှိဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် သင်တန်းများ၊ တိုးချဲ့ဖွင့်လှစ်သွားမည့်သင်တန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး သင်တန်းကျောင်းဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။