


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်-၂၃၄ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၁-၁၂-၂၀၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် အစိုးရဌာန၊ အဖွဲ့အစည်းများရှိဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်အတွက် အခြေခံအဆင့်၊ အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းများကို ၁၉၆၀ ခုနှစ်မှစ၍ ရန်ကုန်မြို့၊ သင်တန်းကျောင်းတွင် စတင်ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း၊ နေပြည်တော်၊ သင်တန်းကျောင်းတွင် ၂၀၀၇ - ၂၀၀၈ ခုနှစ်မှစ၍ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအမှတ်စဉ် - ၂၃၃ အထိ သင်တန်းသား ၄၀,၂၉၁ ဉီး တက်ရောက်ပြီးမြောက်ခဲ့ပြီး ဖြစ်ပါ ကြောင်း။
ယခုအခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းကို အခြေခံစာရင်းပညာ နားလည်တတ်ကျွမ်းပြီး မှားယွင်းမှု၊ လေလွင့်ဆုံးရှုံးမှုများ မရှိစေရန်နှင့် ရုံးလုပ်ငန်းများကို စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များသည် လက်တွေ့လုပ်ငန်းခွင်တွင် အမှန်တကယ်လိုအပ်ပြီး ဝန်ထမ်းတစ်ဦးးအနေဖြင့် ကျွမ်းကျင်တတ်မြောက်ထားရမည့် အခြေခံပညာရပ်များဖြစ်ပါကြောင်း၊ သို့ပါ၍ သင်တန်းမှပို့ချမှုများကို အလေးထား လေ့လာဆည်းပူး၍ နိုင်ငံနှင့်ဌာနအတွက် အားထားရသည့် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ယခုသင်တန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဝန်ထမ်းများတက်ရောက်နိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်းနှင့်တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းကို စာသင်ခန်းတက်ရောက် (Face To Face) ဖြင့် နိုဝင်ဘာ ၂၈ ရက်မှ စ၍ (၂) လကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သင်တန်းကျောင်းတွင် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှ သင်တန်းသား ၁၈၀ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်ရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် ၁၄၀ ဦး၊ စုစုပေါင်းသင်တန်းသား ၃၂၀ ဦး တက်ရောက်မည်ဖြစ်သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
