





ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ၂၉-၁၁-၂၀၂၂ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စာရင်းစစ်ရုံး၌ အရှေ့ပိုင်း ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်စာရင်းစစ်ရုံးများမှဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကား ပြောကြားခဲ့သည်။
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေစီမံခန့်ခွဲသုံးစွဲရာတွင် ပြည်သူများအတွက် ထိရောက်အကျိုးရှိစေရန် ဘဏ္ဍာရေးစာရင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းလိုက်နာမှုတို့ကို စစ်ဆေးလျက်ရှိပါကြောင်း၊ သို့ပါ၍ ဝန်ထမ်းများအနေဖြင့် စစ်ဆေးရေးအရည်အသွေးများ ပြည့်ဝနေစေရန်အတွက် သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့် ပြောင်းလဲတိုးတက်နေသည့် ပညာရပ်ဆိုင်ရာ ၊ နည်းပညာဆိုင်ရာများကို စဉ်ဆက်မပြတ် လေ့လာနေရန် လိုအပ်ပါကြောင်း၊ သို့မှသာ မှန်ကန်သည့် စဉ်းစားတွေးခေါ်မှုမှတစ်ဆင့် မှန်ကန်သည့်ဆုံးဖြတ်ချက်များကို ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများအောင် မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဒေသရုံးများ အနေဖြင့် စစဆေးရေးနှင့်စီမံရေးရာဆိုင်ရာ အရေးကြီးကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်တင်ပြ၍ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် သတိသမ္မဇဉ်ထားရှိပြီး နိုင်ငံတော်အပေါ်သစ္စာစောင့်သိလျက် ကျင့်ဝတ်သိက္ခာနှင့်အညီ ပြည့်သူ့အကျိုးစီးပွားကို ဦးထိပ်ထား ဆောင်ရွက်ကြစေလိုပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်စာရင်းစစ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် ခရိုင်အတွင်းရှိ မြို့နယ်စာရင်းစစ်ရုံးများမှ တာဝန်ခံအရာထမ်းများက လုပ်ငန်းဆောင် ရွက်မှုများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန် က တင်ပြချက်များနှင့်စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ရှင်းလင်း တင်ပြမှုအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နံနက် ၁၁ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် မြောက်ပိုင်း ခရိုင်စာရင်းစစ်ရုံး၌ မြောက်ပိုင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး လုပ်ငန်းဆိုင်ရာတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့သည်။
