OFFICE OF THE AUDITOR GENERAL OF THE UNION

 

၂၅-၁၁-၂၀၂၂ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဦးတင်ဦး မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း၏ (၁၅) ကြိမ်မြောက် အထွေထွေအစည်းအဝေးသို့ တက်ရောက်ခြင်း

မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနာယက မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် ၂၅-၁၁-၂၀၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း(Myanmar Institute of Certified Public Accountants - MICPA)၏ (၁၅) ကြိမ်မြောက် အထွေထွေအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌက နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်အတွက် ကဏ္ဍပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာတွင် စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီသည့်  စာရင်းပညာရှင်များ ပေါ်ထွန်းလာရေး၊ စာရင်းပညာရှင်အရေအတွက် တိုးတက်စေရေး၊  ကျင့်ဝတ်သိက္ခာ လိုက်နာစောင့်ထိန်းစေရေး နှင့်စာရင်းပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် မြန်မာနိုင်ငံစာရင်းကောင်စီ၏ စိစစ်ကြီးကြပ်မှုဖြင့် MICPA အသင်း၏ဆောင်ရွက်မှုများသည် ပုဂ္ဂလိကကဏ္ဍအတွက် များစွာအရေးပါကြောင်း။

သို့ပါ၍ နိုင်ငံတကာအဆင့်မီ စာရင်းပညာရှင်အရေအတွက် တိုးပွားစေရေးနှင့် စာရင်းပညာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် MICPA အသင်းအနေဖြင့် မြန်မာနိုင်ငံစာရင်းကောင်စီ၏ ကြီးကြပ်မှုဖြင့် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် အစည်းအဝေးသဘာပတိ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း နာယက ဦးသိန်းမြင့်နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ ဦးဝမ်းတင်တို့က အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဘုတ်အဖွဲ့၏ ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ ခုနှစ်များအတွက် နှစ်ပတ်လည်အစီရင်ခံစာ၊ အသင်း၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် စာရင်းစစ်အစီရင်ခံစာတို့ကို ဖတ်ကြားတင်ပြအတည်ပြုခြင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ခန့်အပ်အတည်ပြုခြင်းတို့ကို အစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။

အစည်းအဝေးသို့  အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း ဘုတ်အဖွဲ့ဝင် ၂၀ ဦး တက်ရောက်ခဲ့ကြပြီး အသင်းဝင် ၂၂၅ ဦးက Zoom Online မှတစ်ဆင့် တက်ရောက်ခဲ့ကြသည်။