OFFICE OF THE AUDITOR GENERAL OF THE UNION

 

၂၄-၁၁-၂၀၂၂ ရက်နေ့တွင် “စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော စစ်ဆေးတွေ့ရှိချက်များ” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေဆွေးနွေးပွဲကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏အသိပညာမျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ် (၂၄) ကို “စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော စစ်ဆေးတွေ့ရှိချက်များ” ခေါင်းစဉ်ဖြင့် ၂၄-၁၁-၂၀၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင်  ဒုတိယစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် စာရင်းစစ်ဆေးခြင်းအမျိုးအစား (၃)မျိုးဖြစ်သည့် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း (Financial Audit)၊ လုပ်ငန်းဆောင် ရွက်မှုစစ်ဆေးခြင်း (Performance Audit)၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း (Compliance Audit) ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဉပဒေ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်ပျက်ကွက်မှုများသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှု၊ စာရင်းပြုစု ရေးဆွဲမှုနှင့် လုပ်ငန်းဆောင်ရွက်မှုများအပေါ် များစွာသက်ရောက်မှုရှိသည်ဖြစ်သဖြင့် လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းသည်လည်း အရေးကြီးသည့်စစ်ဆေးခြင်းတစ်ရပ်ဖြစ်ပါကြောင်း၊  ယနေ့ဆွေးနွေးပွဲတွင်  ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ ရသုံးခန့်မှန်းခြေငွေစာရင်းအကောင်အထည်ဖော်မှုအပေါ် ဘဏ္ဍာရေးစာရင်းစစ်ဆေးတွေ့ရှိချက်များကို လိုက်နာဆောင်ရွက်မှုရှုထောင့်မှ “စည်းမျဉ်းစည်းကမ်းနှင့် ညီညွတ်မှုမရှိသော စစ်ဆေးတွေ့ရှိချက် များ”  ခေါင်းစဉ်ဖြင့်ဆွေးနွေးတင်ပြသွားမည်ဟု သိရှိရပါကြောင်း။

သို့ပါ၍ ယနေ့ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ  တာဝန်ရှိသူများ၏ တင်ပြချက်များပါ စစ်ဆေးတွေ့ရှိချက်များတွင် အသုံးပြုခဲ့သော စံသတ်မှတ်ချက်များ၊ စစ်ဆေးရေး ရည်မှန်းချက်များ၏ ခိုင်မာမှု၊ ပြည့်စုံလုံလောက်မှုနှင့် အကြံပြုချက်များ၏ ထိရောက်မှုတို့ကို မိမိတို့ဖြတ်သန်းခဲ့သည့် အတွေ့အကြုံ၊ ဗဟုသုတများနှင့်ပေါင်းစပ်၍ အပြုသဘောဆွေးနွေး အကြံပြုခြင်းများ ပြုလုပ်ကြစေလိုပါကြောင်း၊ ထို့အပြင် သိရှိလိုသည်များကို စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးမေးမြန်းခြင်းဖြင့် မေးခွန်းတည်ဆောက်တတ်မှု၊ တွေးခေါ်နိုင်မှုနှင့် တင်ပြမှုစွမ်းရည်များ တိုးတက်မြင့်မားစေပြီး အသိပညာမျှဝေဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ ပြည့်မြောက်အောင်မြင်စေရေးကြိုးစား ကြစေလိုပါကြောင်း ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ညိုမီလွင်နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မြင့်အောင်တို့က ပြည်ပအကူအညီရရှိမှုအား ရသုံးမှန်းခြေငွေစာရင်းသို့ စာရင်းတင်သွင်းမှု ၊ ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်း လုပ်ငန်းများတွင် မူလလျာထားခွင့်ပြုငွေအတိုင်း ဆောင်ရွက်နိုင်မှု၊ ငှားရမ်းခရငွေများဌာန ငွေစာရင်းသို့ပေးသွင်းမှု၊ စာချုပ်စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု၊ စာချုပ်ချုပ်ဆိုရာတွင် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီချုပ်ဆိုမှု ၊ ပစ္စည်း‌ရောင်းချရငွေများအတွက် ဘဏ္ဍာရေးစည်းမျဉ်း နှင့်အညီလိုက်နာဆောင်ရွက်မှု၊ ဌာနပိုင်မြေနှင့် အဆောက်အဦငှားရမ်းခရငွေများကို အထက်အဆင့်ဆင့်သို့ တင်ပြခွင့်ပြုချက်ရယူမှုနှင့် ပစ္စည်းဝယ်ယူရာတွင် ခြိုးခြံချွေတာမှုရှုထောင့်မှ ထိရောက်စွာ ဆောင်ရွက်မှုများနှင့်စပ်လျဉ်း သည့် စစ်ဆေးတွေ့ရှိချက်များကို အသီးသီးရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေးမေးမြန်းခြင်း၊ အကြံပြုခြင်းတို့ကို  ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက်ညွှန်ကြား ရေးမှူးများနှင့် ဦးစီးအရာရှိများ စုစုပေါင်း (၄၅၄) ဦးတို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ စုပေါင်းခန်းမနှင့် နေပြည်တော်သင်တန်းကျောင်းခန်းမ၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံးခန်းနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးတို့မှ Virtualစနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။