OFFICE OF THE AUDITOR GENERAL OF THE UNION

 

၂၅-၁၁-၂၀၂၁ ရက်နေ့တွင် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာစာရင်းကိုင်များအဖွဲ့ချုပ်၏ ( ၂၂ ) ကြိမ်မြောက်ညီလာခံ (22nd ASEAN Federation of Accountants - AFA Conference) ကျင်းပခြင်း

  • အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ် (ASEAN Federation of Accountants - AFA) နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountants -MICPA) တို့ ပူးပေါင်း၍ အင်ဒိုနီးရှားနိုင်ငံ၊ AFA အတွင်းရေးမှူးရုံးက ၂၅-၁၁-၂၀၂၁ ရက်နေ့ နံနက် ၈:၀၀ တွင် ဗီဒီယိုကွန်းဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်သည့် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ်၏ (၂၂) ကြိမ်မြောက်ညီလာခံသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနာယက ပါမောက္ခ ဒေါက်တာကံဇော် ပါဝင်တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားသည်။
  •  အဆိုပါညီလာခံသို့ မြန်မာနိုင်ငံမှ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပါမောက္ခ ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမမှ တက်ရောက်ကြပြီး အာဆီယံအထွေထွေအတွင်းရေးမှူး Mr. Dato’ Paduka Lim Jock Hoi၊ နိုင်ငံတကာစာရင်းကိုင်များအဖွဲ့ချုပ် (International Federation of Accountants - IFAC)မှ ဥက္ကဋ္ဌ Mr. Alan Johnson နှင့် ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အမျိုးသားစာရင်းပညာရှင်အဖွဲ့အစည်းများဖြစ်သည့် Professional Accountancy Organizations – PAOs မှ ကိုယ်စားလှယ်များ၊ ချာတာလက်မှတ်ရစာရင်းကိုင်များအသင်း (Association of Chartered Certified Accountants- ACCA)၊ အင်္ဂလန်နှင့် ဝေလပြည်နယ်မှချာတာစာရင်းကိုင်များအသင်း (Institute of Chartered Accountants in England and Wales–ICAEW) နှင့် IFAC တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အာဆီယံစာရင်းကိုင်များ စုစုပေါင်း (၅၈၀) ဦး တက်ရောက်ကြသည်။
  • ညီလာခံဖွင့်ပွဲအခမ်းအနားတွင် လက်ရှိ AFA ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (Myanmar Institute of Certified Public Accountants-MICPA) ဥက္ကဋ္ဌ ဦးဝမ်းတင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။
  • ထို့နောက် ညီလာခံအစီအစဉ်အရ ပါမောက္ခ ဒေါက်တာကံဇော်က အထူးဧည့်သည်တော်အဖြစ် ကြိုဆိုနှုတ်ခွန်းဆက်မိန့်ခွန်းပြောကြားရာတွင် ညီလာခံသို့ တက်ရောက်လာကြသည့် AFA အသင်းဝင်များနှင့်လုပ်ဖော်ကိုင်ဖက်များကို ကြိုဆိုနှုတ်ခွန်းဆက်ပါကြောင်း၊ (၂၂) ကြိမ်မြောက် AFA ညီလာခံကို ပူးတွဲစီစဉ်သူ MICPA နှင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ကုန်ဆုံးမည့် AFA ဥက္ကဋ္ဌ သက်တမ်း ၂ နှစ်တာကာလအတွက် ခန့်အပ်ခံထားရသည့် MICPA ဥက္ကဋ္ဌကိုလည်း ချီးကျူးဂုဏ်ပြုပါကြောင်း၊ မြန်မာနိုင်ငံသည် AFA အစည်းအဝေးများကို ၂၀၀၃ ခုနှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၅ ခုနှစ် နှင့်၂၀၁၉ ခုနှစ်များတွင် အိမ်ရှင်အဖြစ် အောင်မြင်စွာကျင်းပသည့် အစဉ်အလာရှိခဲ့ပြီး ယခု ၂၀၂၁ ခုနှစ် AFA ညီလာခံကို အိမ်ရှင်အဖြစ် ပူးတွဲကျင်းပနိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း။
  • အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာစာရင်းကိုင်များအဖွဲ့ချုပ် AFA ၏ လမ်းညွှန်များနှင့် ကတိကဝတ်များသည် ဒေသတွင်းစည်းလုံးညီညွတ်သော စာရင်းကိုင်လုပ်ငန်းဖြစ်ပေါ်စေရန် ပံ့ပိုးကူညီနိုင်ပြီး၊ ရေရှည်တည်တံ့ခိုင်မြဲသော စာရင်းကိုင်အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူဖြစ်စေပါကြောင်း၊ ထို့ပြင် AFA သည် နိုင်ငံတကာစာရင်းကိုင်အဖွဲ့အစည်းများနှင့် အပြန်အလှန် အကျိုးတူပူးပေါင်း၍ အာမခံ၊ အကြံပေးခြင်းနှင့် စာရင်းကိုင်ဝန်ဆောင်မှုလုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန် ဒေသတွင်းနှင့် နိုင်ငံတကာကွန်ယက်ကို ခိုင်မာစွာတည်ဆောက်ထားခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်မှုကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ပါကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး ဒီမိုကရေစီအစိုးရလက်ထက် (၂၀၁၁-၂၀၁၆) ခုနှစ်မှ စ၍ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်လာစေရေးသာမက ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရေးတို့ကို ဆောင်ရွက်ခဲ့ပြီး ဒေသတွင်းအသိုက်အဝန်းတွင်ပါဝင်၍ ပြည်သူများအတွက် အကျိုးကျေးဇူးရရှိရန် အကောင်းဆုံးကြိုးစားလျက်ရှိပါကြောင်း၊ အာဆီယံအသိုက်အဝန်းကို ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ သာယာဝပြောရေးတို့အတွက် အတူတကွပေါင်းစည်း၍ “မတူကွဲပြားမှုများမှညီညွတ်မှု” ပြယုဒ်အဖြစ် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
  • စာရင်းကိုင်စံများကို အဆင့်မြှင့်တင်ရန် AFA နှင့် အာဆီယံနိုင်ငံများ၏ စာရင်းပညာရှင်များ ပူးပေါင်းဆောင်ရွက်၍ အကျိုးရလဒ်များဖြစ်ထွန်းမှုကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် AFA ၏ ဖွံ့ဖြိုးမှုစီမံကိန်းများတွင် တစ်စိတ်တဒေသအားဖြင့် ပါဝင်ဆောင်ရွက်နိုင် ပြီး AFA နှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
  • ယင်းနောက် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr. Dato’ Paduka Lim Jock Hoi က အမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
  • ထို့နောက် ဆွေးနွေးပွဲကို အပိုင်း (၃) ပိုင်းခွဲ၍ ကျင်းပခဲ့ရာ အနာဂတ်ကာလအတွက် ဘဏ္ဍာရေးအစီရင်ခံစာပြုစုတင်ခြင်းဆိုင်ရာ ဆောင်ရွက်ရမည့်ပုံစံများနှင့်စပ်လျဉ်း၍ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများအဖွဲ့(IFRS Foundation)မှ Mr. Masamichi Kono, Trustee နှင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်္ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်များကလည်းကောင်း၊ နည်းပညာဆိုင်ရာကျွမ်းကျင်မှုနှင့် အရည်အချင်းများကို တည်ဆောက်ခြင်းနှင့်စပ်လျဉ်း၍ စင်္ကာပူချာတာစာရင်းကိုင်များအသင်း (Institute of Singapore Chartered Accountants)မှ CEO-Designate Ms. Fann Kor၊ နှင့် မလေးရှားနိုင်ငံနှင့် ICAEW တို့မှ ကိုယ်စားလှယ်များကလည်းကောင်း၊ စာရင်းပညာရပ်ဆိုင်ရာအခန်းကဏ္ဍ အရည်အသွေးမြှင့်တင်ခြင်းနှင့်စပ်လျဉ်း၍ ချာတာလက်မှတ်ရစာရင်းကိုင်များအသင်း (Association of Chartered Certified Accountants- ACCA) မှ Mr. Jamie Lyon နှင့် တောင်အာရှစာရင်းကိုင်များအဖွဲ့၊ IFAC နှင့် AFA တို့မှ ကိုယ်စားလှယ်များကလည်းကောင်း ဆွေးနွေးခဲ့ကြသည်။
  • ဆက်လက်၍ နိုင်ငံတကာစာရင်းကိုင်များအဖွဲ့ချုပ် (IFAC) ဥက္ကဋ္ဌ Mr. Alan Johnson က ဆွေးနွေးပွဲဆိုင်ရာအနှစ်ချုပ်စကားပြောကြားခဲ့သည်။
  • ယင်းနောက် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ် (AFA) ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ လက်ရှိဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်း (MICPA)ဥက္ကဋ္ဌ၊ ဦးဝမ်းတင်က ထိုင်းနိုင်ငံ Federation of Accounting Professions (FAP) ဥက္ကဋ္ဌ Mr. Voravit Janthanakul ထံသို့ AFA ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းအပ်နှင်းပြီး AFA ဥက္ကဋ္ဌအသစ်က နိဂုံးချုပ်အမှာစကားပြောကြား၍  ညီလာခံကို အစီအစဉ်အတိုင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
  • အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများ၏ လူမှုစီးပွားဘဝမြှင့်တင်မှုကို အထောက်အကူဖြစ်စေရေးအတွက် စာရင်းလုပ်ငန်းများကို မြှင့်တင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၇၇ ခုနှစ်တွင် အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းကိုင်များအဖွဲ့ချုပ်ကို အမျိုးသား စာရင်းပညာရှင် အဖွဲ့အစည်း(၅) ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် အာဆီယံ(၁၀) နိုင်ငံမှ အဖွဲ့အစည်း (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်ကစပြီး အာဆီယံဒေသတွင်းနိုင်ငံများအကြား အသိအမှတ်ပြု သဘောတူညီမှု (Mutual Recognition Agreement - MRA) တွင် လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် အာဆီယံဒေသအတွင်းရှိ အာဆီယံလက်မှတ်ရစာရင်းပညာရှင် (ASEAN Certified Public Accountants - ACPA) (၅,၆၉၇) ဉီးတွင် မြန်မာနိုင်ငံမှ အာဆီယံလက်မှတ်ရစာရင်းပညာရှင် (၄၇၇) ဉီး ပါဝင်ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။