OFFICE OF THE AUDITOR GENERAL OF THE UNION

 

၂၃-၁၁-၂၀၂၁ ရက်နေ့တွင် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၁ ပြန်လည်ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

                     ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်

၁။        ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက် နံနက် (၀၉:၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၁ ပြန်လည်ဖွင့်လှစ်ပွဲ အခမ်းအနားကျင်းပခဲ့ရာ  မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားပါသည်။

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

၃။        အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

  • ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စီးပွားရေးဘာသာရပ်နှင့် ဥပဒေဘာသာရပ်ဆိုင်ရာသင်တန်း/ ဒီပလိုမာသင်တန်းများဖွင့်လှစ်ခြင်းဖြင့် စာရင်းကိုင်/ စာရင်းရေးပညာရပ်များကို လူအများ သိရှိနားလည်အသုံးချနိုင်ပြီး နိုင်ငံ၏စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်တည်ဆောက်နိုင်သူများ၊ စနစ်တကျလိုက်နာကျင့်သုံးသူများဖြစ်လာစေရေးကို အထောက်အကူဖြစ်စေရန်နှင့် စာရင်းကျွမ်းကျင်သူများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရန်အတွက် စာရင်းကိုင်သင်တန်းများကို ပြန်လည်ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊
  • ဒီပလိုမာစာရင်းကိုင်သင်တန်းများကို ရန်ကုန်မြို့၊ မြန်မာနိုင်ငံစာရင်းကောင်စီတွင် ၁၉၇၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အချိန်ထိ စာရင်းကျွမ်းကျင်သူ (၄၆၀၇) ဦးကို မွေးထုတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊
  • နေပြည်တော်တွင် ၂၀၀၉-၂၀၁၀ နှစ်မှစ၍ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုသင်တန်းသည်  ၁၂ ကြိမ် မြောက်ဖြစ်ပါကြောင်း၊ DA သင်တန်းကို လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant-CPA) သင်တန်း၏ ဝင်ပေါက်တစ်ခုအဖြစ် စာရင်းကျွမ်းကျင်သူများကို စာရင်းပညာရှင်များ ဖြစ်ခွင့်ရစေရန် ဆောင်ရွက်ပေးထားပါကြောင်း၊
  • ယနေ့အချိန်အခါမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အနာဂတ်အတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်ချမှတ်ပြီး နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းပြီး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းတည်ဆောက်နေသည့်ကာလဖြစ်ပါကြောင်း၊
  •  နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ စာရင်းပညာရှင်နှင့် စာရင်းကျွမ်းကျင်သူများ၏ အခန်းကဏ္ဍသည်လည်း လွန်စွာအရေးပါကြောင်း၊ နိုင်ငံတကာစာရင်းကိုင်စံများနှင့်အညီ စာရင်းများကို စနစ်တကျ ရေးသွင်းမှတ်တမ်းတင်ထိန်းသိမ်းရေး၊ ကျင့်ဝတ်သိက္ခာစောင့်ထိန်းရေးနှင့် ကောင်းမွန်သည့်အုပ်ချုပ်မှု (Good Governance)၊ သန့်ရှင်းသောအစိုးရ (Clean Government) ဖြစ်ထွန်းစေရေးတို့အတွက် အထောက်အကူပြုရန် စာရင်းပညာရှင်နှင့် စာရင်းပညာတတ်ကျွမ်းသူများ၏ အရည်အချင်းနှင့်အရေအတွက် တိုးတက်လာရန် လိုအပ်ပါကြောင်း၊ နိုင်ငံတကာ၏ စီးပွားရေးပညာနှင့်စာရင်းကိုင်ပညာရပ်များ ဖြစ်ပေါ်တိုးတက်နေမှုကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာသင်ယူ၍ အသုံးချနိုင်ရန် လိုအပ်ပါကြောင်း၊
  • ယခုအချိန်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အာဆီယံ(၁၀) နိုင်ငံ စာရင်းစစ်ချုပ်ရုံးများ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် (၂) နှစ် တာဝန်ထမ်းဆောင်နေသည့် ကာလဖြစ်ပြီး အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၅) နှင့်အညီ အာဆီယံဒေသတွင်း စာရင်းပညာဆိုင်ရာဖွံ့ဖြိုးရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊  ထို့အပြင် အာဆီယံစီးပွားရေးအသိုက်အဝန်းတွင် အာဆီယံလက်မှတ်ရ စာရင်းပညာရှင်ဖြစ်စေရန်အတွက် ၂၀၁၄ ခုနှစ်ကစပြီး Multilateral Recognition Agreement(MRA) လက်မှတ်ရေးထိုးနိုင်ခဲ့သဖြင့် ယနေ့တွင်မြန်မာစာရင်းပညာရှင် (၄၀၀) ကျော်အား အာဆီယံလက်မှတ်ရစာရင်း ပညာရှင်များအဖြစ် မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊  မြန်မာစာရင်းပညာရှင်များ၏ အခန်းကဏ္ဍသည်လည်း ကျွမ်းကျင်မှုအရည်အသွေးအရ အာဆီယံသာမက နိုင်ငံတကာအထိ အခွင့်အလမ်းများဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း၊
  • နိဂုံးချုပ်အနေဖြင့် သင်တန်းသားများသည်  မိမိ၏ အရည်အချင်းအတွက်သာမက မိမိဌာန/ အဖွဲ့အစည်းနှင့် နိုင်ငံအတွက် အကျိုးပြုနိုင်သည့် စာရင်းကျွမ်းကျင်သူများ၊ စာရင်းပညာရှင်များဖြစ်လာစေရန် ကြိုးပမ်းကြစေလိုကြောင်း။

၄။        အခမ်းအနားကို နံနက် (၀၉:၅၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။