OFFICE OF THE AUDITOR GENERAL OF THE UNION

 

ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ်-၄၀ သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ   ၂၆  ရက်

၁။        ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆  ရက် နံနက် ( ၉ : ၀၀ ) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ်-၄၀ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။

၂။         အဆိုပါအခမ်းအနားသို့ ဤရုံးမှတာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သား ၁၄၈ ဦး တက်ရောက်ခဲ့ကြပါသည်။

၃။        အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ အောက်ပါအချက်များကို မှာကြားခဲ့ပါသည်-

  • မြန်မာနိုင်ငံ၏စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးကို အခြေခံသည့် စနစ်ဖြစ်သောကြောင့် နိုင်ငံသားပိုင်/နိုင်ငံခြားသားများပိုင်ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများပေါ်ပေါက်လာပြီး စီးပွားရေးလုပ်ငန်းများ၏ အခြေအနေမှန်ကို ဖော်ပြနိုင်သော မှန်ကန်ပြည့်စုံသည့် စာရင်းဇယားများသည် အရေးပါလာပါကြောင်း၊
  • ဤရုံးအနေဖြင့် စာရင်းပညာတတ်ကျွမ်းသူများ အများအပြားမွေးထုတ်ပေးခြင်းသည်လည်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဖက်တစ်လမ်းက ပါဝင်ခြင်းဖြစ်ကြောင်း၊
  • ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးတွင် ပြည်ပမှထောက်ပံ့ငွေ၊ အကူအညီပေးငွေ၊ ချေးငွေစသည့် ငွေကြေးပိုင်း၊ ပစ္စည်းပိုင်း၊ ဝန်ဆောင်မှုပိုင်း ပုံစံအမျိုးမျိုးဖြင့် အထောက်အပံ့ များရရှိသုံးစွဲ၍ စီမံကိန်း၊ စီမံချက်များ ပိုမိုပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ဘဏ္ဍာရေးအရင်းအမြစ်များဖြင့် ဆောင်ရွက်သည့် လုပ်ငန်းစီမံချက်များ၏ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုကိုစာရင်းစစ်ဆေးမှုခံယူခြင်းဖြင့် မိမိတို့နိုင်ငံတွင် ကျွမ်းကျင်သောစာရင်းပညာရှင်တွေ၊ စာရင်းတတ်ကျွမ်းသူ များ များစွာလိုအပ်လျက်ရှိပါကြောင်း၊
  • စာရင်းပညာရှင်များအနေဖြင့် စာရင်းပညာဆိုင်ရာအရည်အချင်း၊ အတွေ့အကြုံများပြည့်ဝနေရန်လိုအပ်သည့်အပြင် စောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာများ၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
  • စာမေးပွဲမှာ အောင်မှတ်အနေဖြင့် အမှတ် ၄၀ သတ်မှတ်ထားပြီး ဖြေဆိုရမည့် ဘာသာရပ် ၅ ခုကို Module 1, Module 2 ခွဲခြားသတ်မှတ်ခဲ့ပါကြောင်း၊ စာရင်းရေးစာရင်းကိုင်၊ ဘောဂဗေဒ၊ စီးပွားရေးသင်္ချာနှင့် စာရင်းအင်းပညာဘာသာရပ်တို့ကို Module 1၊ ကူးသန်းရောင်းဝယ်မှုအထွေထွေဗဟုသုတနှင့် စီးပွားရေးဥပဒေဘာသာရပ်တို့ကို Module 2 အဖြစ် သတ်မှတ်ခဲ့ပြီး ကနဦးဖြေဆိုချိန်တွင် သင်တန်းအလိုက်သက်ဆိုင်ရာ ဘာသာရပ်အားလုံး ဖြေဆိုရမှာဖြစ်ပြီး Module တစ်ခုထဲမှ ဘာသာရပ်တစ်ခုခုကျရှုံးခဲ့လျှင် ယင်း Module ရှိ ဘာသာရပ်အားလုံး ကို တစ်ဆက်တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့်ရှိပါကြောင်း၊ တစ်ဆက်တည်း ၃ ကြိမ် အတွင်း အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ၊ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်းမရှိလျှင် ဖြစ်စေ ကနဦးဖြေဆိုသည့်အတိုင်း ပြန်လည်ဖြေဆိုခွင့်ရှိပါကြောင်း၊
  • စာမေးပွဲ၏ အဆင့်အတန်း၊ အောင်မြင်သူများ၏အရည်အသွေးကို ထိန်းသိမ်းမြှင့်တင်ခြင်းဖြင့်  မိမိတို့နားလည်တတ်ကျွမ်းမှုကို အဆင့်မြင့်မြင့် ပြသကြစေလိုကြောင်း။

၄။        အခမ်းအနားကို နံနက် ( ၉ : ၃၀ )  နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။