OFFICE OF THE AUDITOR GENERAL OF THE UNION

 

လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁ / ၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနား

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၈ ) ရက်

၁။      ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၈ ) ရက်နေ့ နံနက် ၁၁ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊စုပေါင်းခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁ / ၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၇၆)ဦး တက်ရောက် ခဲ့ကြပါသည်။

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -

  • မိမိတို့အဖွဲ့အစည်း ( SAI Myanmar )၏ ၂၀၁၈ - ၂၀၂၂ မဟာဗျူဟာလုပ်ငန်း  စီမံချက်အရ SAI PMFက အကဲဖြတ်တိုင်းတာသည့် ကဏ္ဍအများစုလွမ်းခြုံပါဝင်မှုရှိထားပြီး နိုင်ငံတကာစံသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း မျှဝေပေးထားကြောင်း၊
  • နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ နည်းပညာအကူအညီပေးမှုအရ မိမိတို့ဝန်ထမ်းများပါဝင်သည့် SAI PMF Assessment ဆောင်ရွက်မှုကိုသိရှိရ၍ အသစ်ဖြစ်သော ဗဟုသုတများတိုးပွားရရှိသွားမည်ဟု ယုံကြည်ကြောင်း၊
  • သင်တန်းသူ/သားများ၏ စာရင်းစစ်ဆေးရာတွင် တွေ့ကြုံရသည့်အခက်အခဲ၊ အကန့်အသတ်များကို မည်သို့ကိုင်တွယ်ဖြေရှင်းရမည့်အပေါ် ဖြစ်နိုင်သည့်နည်းလမ်းများ၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ၏ မူဘောင်ဖြစ်သည့် Lima Declaration နှင့် Mexico Declarationတို့တွင် ပြဋ္ဌာန်းထားသည်များကိုလည်း ပို့ချဆွေးနွေးပေးထားကြောင်း၊
  • သင်တန်းသူ/သားများသည် မိမိတို့ရရှိသည့်အသိပညာများကို လုပ်ဖော်ကိုင်ဘက်များအား လက်ဆင့်ကမ်းမျှဝေပေးရန်နှင့် ခေတ်စနစ်နှင့်နည်းပညာရပ်များ၏ ပြောင်းလဲနေမှုအပေါ် လိုက်လျောညီထွေလိုက်ပါနိုင်သော အရည်အချင်းကိုပြုစု ပျိုးထောင်ကြစေလိုကြောင်း၊
  • မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခင်းအကျင်း၊ အစီအမံများကို မျက်ခြည်မပြတ် သိရှိနားလည်ထားရန်လိုကြောင်း၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါပြဋ္ဌာန်းချက်များအရ မိမိတို့၏လုပ်ငန်းတာဝန်များ ပိုမိုကျယ်ပြန့်လာသည်ကိုတွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်းအတွက်လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် တတ်သိ ပညာရှင်များ၏ ကျွမ်းကျင်မှုအကူအညီရယူဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ခရိုင်အဆင့်တွင် တာဝန်ယူဆောင်ရွက်ရသူများဖြစ်၍ ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ကိုင်တွယ် ဖြေရှင်းနိုင်စွမ်းရှိရေး တွက်ဆပြင်ဆင်ထားရန်လိုပါကြောင်း၊   
  • မိမိတို့၏တာဝန်ယူမှု၊ တာဝန်ခံမှုကိုပြသပြီး မိမိစီမံခန့်ခွဲရသော ဝန်ထမ်းအင်အားများကို အကျိုးရှိရှိအသုံးချနိုင်ဖို့ သာတူညီမျှသဘောထားနဲ့ လက်တွဲခေါ်သွားရန်လိုကြောင်း၊
  • စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

၄။      သင်တန်းဆင်းပွဲအခမ်းအနားကို နံနက်  ၁၁ : ၃၀ နာရီတွင် ရုပ်သိမ်း၍ အခမ်းအနား တက်ရောက်လာသူများကို နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။